Friday, January 11, 2013

ဗန်ပါစီနှင့် နှိုင်းယှဉ်ခဲ့သည့် မန်စီနီ၏ စကားအတွက် ကြိုးစားပြမည်ဟု တီဗက်ဇ်ကတိပြု


မန်ချက်စတာစီးတီး တိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်က မိမိတို့ အသင်းမှ တိုက်စစ်မှူးအားလုံး ယခုထက် စွမ်းရည် ထက်မြက်အောင် ကြိုးစားမည် ဖြစ်ကြောင်း ကတိပြုလိုက်သည်။

အစောပိုင်းက မန်စီးတီး အသင်းမန်နေဂျာ ရောဘတ်တို မန်စီနီက အာဆင်နယ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို မန်ချက်စတာ ယူနိုက်တက်က ရရှိသွားခြင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့အတွက် အဆုံးအဖြတ် ခံယူရာတွင် အလှည့်အပြောင်း တစ်ခုသဖွယ် ဖြစ်လာကြောင်း ဝန်ခံခဲ့သည်။ မန်စီးတီးတွင် တီဗက်ဇ်အပြင် ဆာဂျီယို အဂူရို၊ မာရီယို ဘာလော့တယ်လီနှင့် အီဒင်ဂျက်ကို အစရှိသည့် တိုက်စစ်မှူးကောင်းများ ရှိနေသော်လည်း မန်ယူ၏ (၇)မှတ်ပြတ် ဦးဆောင်မှုကို ခံနေရသည်။
အထူးသဖြင့် မန်ယူတွင် ဗန်ပါစီ အကောင်းဆုံး ပုံစံရနေသော်လည်း မန်စီးတီး တိုက်စစ်မှူးများမှာ ခြေမှန်ရအောင် ရုန်းကန်နေရသည်။ တီဗက်ဇ်ကမူ ဗန်ပါစီနှင့် နှိုင်းယှဉ်ခဲ့သည့် မန်နေဂျာ၏ မှတ်ချက်ကို စိတ်ဓာတ်ရေးရာ တွန်းအား တစ်ရပ်အဖြစ် ခံယူကာ အစွမ်းကုန် ကြိုးစားသွားမည်ဟု ကြွေးကြော်ခဲ့သည်။ "မန်နေဂျာ ပြောလိုက်တဲ့ စကားလုံးတိုင်းဟာ ကျွန်တော်တို့ တိုက်စစ်မှူးတွေအတွက် စိတ်ဓာတ် လှုံ့ဆော်မှုတွေလို့ ယူဆပါတယ်။ ကျွန်တော်တို့ အမြဲတမ်း ဆက်ပြီးတော့ တိုက်ပွဲဝင်နေရမယ် ဆိုတာကို သိပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့ ရာသီက မထင်မှတ်ဘဲ ပွဲတချို့ ရှုံးခဲ့ဖူးပြီး ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့တယ်။ ခုလည်း ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နေမှာပါ။ ပရီးမီးယားလိဂ်က ပြီးဆုံးဖို့ အများကြီး ကျန်ပါသေးတယ်။ ပရီးမီးယားလိဂ်ဟာ အဆုံးထိ တိုက်ပွဲဝင်ရတဲ့ စိတ်လှုပ်ရှားစရာ ပြိုင်ပွဲမျိုး ဖြစ်တာကြောင့် ကျွန်တော်တို့ အရာအားလုံး မျှော်လင့်နိုင်ပါသေးတယ်"ဟု တီဗက်ဇ်က ပြောကြားသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment