Monday, January 28, 2013
ဗန်ပါစီကို မခေါ်ယူမီ အသင်းသားများနှင့် ဖာဂူဆန် ဆွေးနွေးခဲ့ဟု မန်ယူ နည်းပြပြောကြား
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရော်ဘင် ဗန်ပါစီအား စာချုပ် ခေါ်ယူမှု မပြုမီ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်နှင့် အသင်းမှ ဝါရင့် ကစားသမားများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မန်ယူ အသင်း၏ နည်းပြဖြစ်သူ ရင်းန် မြူလန်စတင်းက ခါးသီးလှသည့် အစဉ်အလာ ပြိုင်ဘက် အာဆင်နယ်၏ အသင်းခေါင်းဆောင်ကို ခေါ်ယူရန် ကိစ္စအတွက် ဖာဂူဆန်သည် အသင်းမှ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ် စသည့် ကစားသမားများနှင့် အလေးအနက် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မန်ယူသည် ပြီးခဲ့သည့် နွေရာသီကမှ ဗန်ပါစီကို ပေါင်စတာလင် (၂၂)သန်းနှင့် ဝယ်ယူခဲ့ပြီးနောက် ယခုအခါ အဆိုပါ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူးသည် အသင်း ပရိသတ် အချစ်တော်အဖြစ် ခြေစွမ်းပြ ကစားလျှက် ရှိသည်။
ဗန်ပါစီနှင့် တစ်နိုင်ငံတည်းသား နည်းပြကြီး မြူလန်စတင်းက "တကယ်တော့ ဗန်ပါစီကို ကျူးကျော်လာသူ တစ်ယောက်လို့ ဘယ်မန်ယူ ကစားသမားကမှ မယူဆပါဘူး။ မန်နေဂျာနဲ့ ကျွန်တော်က အဲဒီကိစ္စအတွက် သူ့ကို စာမချုပ်ခင် ကတည်းက စမ်းသပ်ခဲ့တယ်။ ဗန်ပါစီ့ နာမည်ကို ထုတ်ပြောတော့ စခိုးလ်နဲ့ ဂစ်တို့ အပါအဝင် ကစားသမားတွေကို ကျွန်တော်တို့က မေးတယ်။ ဗန်ပါစီ အသင်းကို ရောက်လာရင် ဘယ်လို ယူဆမလဲ ဆိုတာကိုပါ။ နှစ်ယောက်စလုံးက ဗန်ပါစီသာ ရောက်လာရင် အသင်းအတွက် အပျံစားပဲလို့ ယူဆကြပါတယ်။ နောက်တော့ တခြား ကစားသမားတွေလည်း အဲဒီလိုပဲ တူတူညီညီ မှတ်ချက်ပေးခဲ့ကြတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ကျွန်တော်တို့ စခိုးလ်နဲ့ ဂစ်ကို အရင် ဆွေးနွေးတယ် ဆိုတာက သူတို့ဟာ ယူနိုက်တက် အဝတ်လဲခန်း ယဉ်ကျေးမှုနဲ့ ထပ်တူ ရပ်တည်နေတာကြောင့်ပါ။ အဲဒီအချက်ကို သူတို့ ထိန်းသိမ်းထားသလို ကာကွယ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဗန်ပါစီဟာ တကယ့် ပရော်ဖက်ရှင်နယ်ကောင်း တစ်ယောက် ဖြစ်ပါတယ်။ အကောင်းဆုံး၊ အပြင်းထန်ဆုံး လေ့ကျင့်လေ့ ရှိသလို ကွင်းထဲမှာလည်း အသင်းအတွက် တကယ့်ကို အကူအညီ ပေးနိုင်သူမျိုးပါ"ဟု မှတ်ချက်ပြုသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:
Post a Comment