Monday, January 28, 2013

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးပြီးရင် အရေးယူတော့မည်

ရန်ကုန်မြို့အတွင်းယာဉ်ကြောပိတ်ဆို့မှုနှင့်ယာဉ်စည်းကမ်းလိုက်နာစေရန်အတွက်ပညာပေးကာလ ကျော်လွန်ပါက
ထိရောက်စွာ အရေးယူသွားမည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။
 
ပညာပေးကာလအား ဇန်န၀ါရီလ (၂၂) ရက်နေ့မှ  (၂၉) ရက်နေ့ထိ သတ်မှတ်ထားကြောင်းသိရသည်။
 
ရန်ကုန်မြို့တွင်းဘက်စ်ကားများ နှစ်ထပ်မရပ်ရေးနှင့် ယာဉ်ကြောအတွင်း စည်းကမ်းတကျ သွားလာနိုင်ရေးစသည့် အချက်များအတွက် ဇန်နဝါရီလ (၇) ရက်နေ့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့အား ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
`` ပညာပေးကာလ ကျော်ပြီဆိုတာနဲ့ အငှားယာဉ်ဆိုရင် ယာဉ်မောင်းခွင့်ပိတ်ပင်မယ်။ ကိုယ်ပိုင်ယာဉ်တွေဆိုရင် ယာဉ်မောင်းလိုင်စင် သိမ်းတဲ့အထိ အရေးယူမယ်။ ဘတ်စ်ကားတွေဆိုရင် ယာဉ်ကြောပိတ်တဲ့နေရာ။ ယာဉ်မရပ်ရနေရာတွေမှာရပ်မယ်ဆိုရင် ကားသိမ်းတဲ့အထိ အရေးယူဖို့ရှိတယ်´´ ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီမှ ရဲအုပ် ဇော်မင်းဖြိုးက ပြောသည်။
 
ပညာပေးကာလကျော်လွန်ပါက စစ်ဆေးရေးအဖွဲ့များအနေဖြင့် နံနက် (၆) နာရီမှ ည (၆) နာရီ အထိ စစ်ဆေး အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ပြီး အချိန်မရွေးစစ်ဆေးမှုများလည်း ပြုလုပ်နိုင် ဖွယ် ရှိကြောင်း ၄င်းက ဆက်ပြောသည်။
 
`` ရဲတွေ လုပ်ပေးနေတာ လှည်းတန်းတို့၊ ရွှေဂုံတိုင်တို့ကတော့ အဆင်ပြေပေမဲ့ သိမ်ကြီးဈေး နားလောက်ကစပြီး အရင်ကထက် လမ်းပိုပိတ်လာတယ်။ ကားက သွားမယ်ပြင်လိုက် လူတွေ ကူးနေလို့ ရဲတွေ တားတာနဲ့ စောင့်ရလိုက်နဲ့ လိုရင်းမရောက်ဘူး။ အရင်ကထက်တောင် ပိုကြာနေသေးတယ်။ အဲလိုမျိုး လုပ်မဲ့အစား လူကူးမျဉ်းကျားတွေ များများလုပ်ပါလား´´ ဟု အငှားယာဉ်မောင်းနေသူ  ကိုလင်းက ပြောသည်။
 
ယခု ပညာပေးကာလတွင် စည်ပင်နယ်နိမိတ် (၃၁) မြို့နယ်အတွင် အဖွဲ့ (၃၁) ဖွဲ့ကာ ဆောင်ရွက်လျက်ရှိသည်။ စည်ပင်နယ်နိမိတ်အလွန်ရှိ (၁၄) မြို့နယ်အတွက်မူ အဖွဲ့ (၇) ဖွဲ့ပြီး စည်းကမ်းထိန်းသိမ်းရေးများ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ သိရသည်။
 
`` ပညာပေးကာလပြီးလို့ ဖမ်းလည်း ခံရမှာပဲ။ ဘာဖြစ်လို့လဲဆို ကားတွေက တအား များလာတယ်။ အရင်ကဆို ကျွန်တော်တို့ ဂိတ်စ ဂိတ်ဆုံးမောင်းလို့ နှစ်နာရီခွဲဆိုတာ အကြာဆုံးပဲ။ အခုဆို သုံးလေးနာရီကြာတယ်။ အဓိကက ကားမောင်းမကျွမ်းတဲ့သူတွေကလည်း များလာတယ်´´ဟု ပါရမီ(အဓိပတိ) အ၀ါမှ ယာဉ်မောင်း ထက်ကိုက ပြောသည်။
 
`` ကျွန်တော်ထင်တာ လမ်းပိတ်တာတွေမှာ ကားတွေ စည်းကမ်းမရှိတာ ပါသလို ပြည်ပက ကားတွေ တအားသွင်းပြီး လမ်းပေါ်တက် လာတယ် ။ လမ်းတွေကလည်း ကျဉ်းတယ်။ လူတွေကလည်း လမ်းကူးတာ စည်းကမ်းမရှိကြဘူး´´ ဟုယာဉ်ကြော ပိတ်ဆို့မှုနှင့် ပတ်သက်၍ စစ်ဆေးအဖွဲ့တွင် ပါဝင်သူ အရာရှိတစ်ဦးက  ပြောသည်။
 
ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များမှာ လူစီးယာဉ် (၁၀၅၇၉၈) စီး၊ ဘတ်စ်ကား (၁၄၃၇) စီး၊ ကုန်တင်ယာဉ် (၆၁၅၁) စီး စုစုပေါင်း (၁၁၃၃၈၆) စီးဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့ထိ စည်းကြပ်ဆောင်ရွက်ပေးခဲ့သော စာရင်းများအရသိရသည်။
 
ထို့အပြင် ခြေလျင်သွားလာသူများကိုလည်း ပညာပေးကာလကုန်ပါက စည်းကမ်းမဲ့ လမ်းဖြတ်ကူးခြင်းများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ယာဉ်စည်းကမ်းထိန်းသိမ်းရေးဋ္ဌာနမှ သိရသည်။
မြတ်မိုးကျော်(မြစ်မခ)

No comments:

Post a Comment