Friday, January 11, 2013

ဇာဟာကို ရောင်းချဖြစ်ပါက အငှားပြန်ခေါ်လိုကြောင်း ပဲလေ့စ်မန်နေဂျာ ဝန်ခံ


မိမိတို့ အသင်းမှ ကစားသမား ဝီလ်ဖရက် ဇာဟာကို ရောင်းချဖြစ်ပါက ရာသီကုန်ထိ အငှားပြန်ခေါ်လိုကြောင်း ခရစ္စတယ်လ် ပဲလေ့စ် အသင်း မန်နေဂျာ အီယန် ဟော်လိုဝေးက ဝန်ခံလိုက်သည်။

ထိုအခြေအနေကြောင့် ဇာဟာ မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ဖြစ်မည်ဆိုသော သတင်းများ ပိုမို ခိုင်မာ တိကျလာခဲ့သည်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူတို့သည် အသက်(၂၀)အရွယ် ကစားသမားအတွက် ပေါင်စတာလင် (၁၂)သန်းတန် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်ထားသည်။ တက်သစ်စ တောင်ပံ ကစားသမားလေး အနေဖြင့် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကလပ်တွင် ခြေစွမ်းပြနေသည့်နောက် တော့တင်ဟမ် ဟော့စပါးနှင့် အာဆင်နယ်တို့၏ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သေးသည်။
ဇာဟာ၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး Sky Sportsမှ အစီအစဉ်မှူး ဒေးဗစ်ဂျုံးစ်က ဟော်လိုဝေးအား "တကယ်လို့ ခင်ဗျားတို့သာ ဇာဟာကို ရောင်းဖြစ်ခဲ့မယ် ဆိုရင်ပေါ့။ ဈေးကောင်းကောင်းနဲ့ သူ့ကို လက်လွှတ်ပြီးရင် အငှားပြန်ခေါ်နိုင်ဖို့ ကြိုးစားမှာလား"ဟု မေးမြန်းခဲ့သည်။ ထိုအခါ မန်နေဂျာကြီးက "ခင်ဗျားဆိုရင်ရော ကိုယ့်လက်ထဲက ပါရမီရှင် တစ်ယောက်နဲ့ ဆက်ပြီး အလုပ်တွဲလုပ်ဖို့ မမျှော်လင့်ဘဲ နေမလား။ ကျွန်တော်ကတော့ သူ့ကို ရသလောက် ဆက်သုံးချင်တာပေါ့"ဟု ပြုံးပြုံးရွှင်ရွှင်ပင် ဖြေကြားသွားသည်။

၎င်းက ပဲလေ့စ် ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ်သည် ဇာဟာကိစ္စအတွက် ကလပ်အသင်း နှစ်ခုနှင့် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့သည်။ အစောပိုင်း သတင်းများအရ အဆိုပါ နှစ်သင်းသည် ပေါင်စတာလင် (၆)သန်းနှင့် ကမ်းလှမ်းထားသည့် စပါး၊ ပေါင်စတာလင် (၁၂)သန်းဖြင့် ကမ်းလှမ်းထားသည့် မန်ယူတို့ ဖြစ်နိုင်ကြောင်းလည်း သိရှိရသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment