Sunday, January 6, 2013

ချာမက်ကို ခေါ်ယူခဲ့ခြင်းအတွက် ဝက်စ်ဟမ်းအသင်း ပိုင်ရှင်၏သား မပျော်ရွှင်နိုင်ဖြစ်နေ


ဝက်စ်ဟမ်း ယူနိုက်တက် အသင်းသည် အာဆင်နယ် တိုက်စစ်မှူး မော်ရိုနီ ချာမက်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီတွင် တန်းတက်ကလပ် အသင်းအနေဖြင့် ဂျိုးကိုးလ် အပြီးတွင် မဟာဗျူဟာမြောက် ကစားသမားသစ် ခေါ်ယူမှုတစ်ရပ် လုပ်ဆောင်လာနိုင်ခြင်း ဖြစ်သည်။ ချာမက်သည် အာဆင်နယ်မှ ဝက်စ်ဟမ်းသို့ ရာသီကုန်ထိ အငှားပြောင်းရွှေ့လာခြင်း ဖြစ်သော်လည်း မော်ရိုကို လက်ရွေးစင် ကစားသမား အနေဖြင့် အပ်တန်ပါ့ခ်တွင် အတန်ငယ် မျက်နှာငယ်ရဖွယ် ရှိနေသည်။ အာဆင်နယ်တွင် နေရာပျောက်နေသော ကစားသမားအား ခေါ်ယူခြင်းအတွက် မိမိ မပျော်ရွှင်ကြောင်း ဝက်စ်ဟမ်းအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလီဗန်၏ သားက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
ဂျက်ဆူလီဗန်က "ချာမက်ကို အသင်းက (၆)လ အငှားစာချုပ်နဲ့ ခေါ်လိုက်ပါပြီ။ ဒီအတွက် ကျွန်တော်တော့ စိတ်မကောင်းဘူး။ ကျွန်တော့် ရွေးချယ်မှုအရဆို ဒါမျိုးကို သဘောမကျနိုင်ဘူး"ဟု Twitterတွင် ရေးသားခဲ့သည်။ ၎င်းက "ချာမက်အနေနဲ့ ကျွန်တော့်အမြင် မှားသွားအောင် လုပ်ပြနိုင်ဖို့လည်း မျှော်လင့်တယ်"ဟုလည်း နောက်ပိုင်းတွင် ဆက်လက် ရေးသားခဲ့သည်။ ဘောဒိုးစ်အသင်း တိုက်စစ်မှူးဟောင်းသည် ယခုရာသီ အာဆင်နယ်တွင် (၄)ပွဲသာ ပါဝင် ကစားခဲ့ရပြီး ယင်းအနက် (၃)ပွဲသည် ကက်ပီတယ်လ်ဝမ်း ပွဲစဉ်များတွင် ဖြစ်သည်။

ချာမက်သည် ယခုရာသီတွင် ဝက်စ်ဟမ်းသို့ အငှားလာရောက် ပူးပေါင်းသည့် ဒုတိယ တိုက်စစ်မှူး ဖြစ်လာပြီး နွေရာသီကလည်း လီဗာပူးလ်၏ အန်ဒီကာရိုးလ်ကို အသင်းက အငှားခေါ်ယူထားခဲ့သေးသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment