Sunday, January 6, 2013
အာဆင်နယ်သို့ ပြောင်းရွှေ့ရန်အတွက် ဘာစီလိုနာမှ ထွက်ခွာရေး ဗီလာတောင်းဆိုဖွယ်ရှိ
ဒေးဗစ်ဗီလာ အနေဖြင့် အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ရန်အတွက် ဘာစီလိုနာ အသင်းထံမှ ထွက်ခွာခွင့် တောင်းဆိုလာဖွယ် ရှိနေကြောင်း သိရသည်။
ဘာစီလိုနာတွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသော စပိန်လက်ရွေးစင် တိုက်စစ်မှူးအား ယခုလအတွင်း ခေါ်ယူနိုင်ရန် အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်အသင်း အများအပြားက ချိတ်ဆက်လျှက် ရှိနေသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည်လည်း အသက်(၃၁)နှစ်ရှိ စပိန် လက်ရွေးစင်အား မျက်စိကျနေပြီး ပြီးခဲ့သော လပိုင်းများအတွင်း ကစားသမားနှင့် အာဆင်နယ်ဘက်မှ ကိုယ်စားလှယ်များ အပြန်အလှန် ဆွေးနွေးမှုများ ရှိနေခဲ့သည်။ ယခုအခါ ဗီလာ ကိုယ်တိုင်က လန်ဒန်ကလပ်သို့ ရွှေ့ပြောင်းရန် စဉ်းစားလာပြီဟု သတင်းများ ထွက်ပေါ်လာသည်။
ဗီလာနှင့် နီးစပ်သူများက အစ်တီဟတ်သို့ ၎င်းပြောင်းရွှေ့ရန် အခြေအနေသည် အလွန်နီးစပ်နေကြောင်း ပြောကြားခဲ့ကြသည်။ ယခုအပြောင်းအရွှေ့ ကာလအတွင်းမှာပင် ဗီလာသည် အာဆင်နယ် ဂျာစီကို ပြောင်းလဲ ဝတ်ဆင်နိုင်ကြောင်း သိရသည်။ ဘာစီလိုနာသည် ဗီလာကို အငှားခေါ်ယူရန် ကြိုးစားမှုများကို ယတိပြတ် ငြင်းဆန်ခဲ့သော်လည်း ဈေးနှုန်းတစ်ရပ်ဖြင့် သတ်မှတ်၍ ရောင်းချရန်မူ အသင့်ရှိနေသည်။ သတင်းများအရ ဘာစီလိုနာသည် ဗီလာအတွက် ပေါင်စတာလင် (၁၆)သန်းမျှ အလိုရှိနေကြောင်း သိရသည်။
အာဆင်နယ်သည် မော်ရိုနီ ချာမက်ကို လက်လွှတ်ခဲ့သလို နောက်ခံလူ ဂျိုဟန် ဂျော်ရူးကိုလည်း ရောင်းချခဲ့သည့်နောက် ဗီလာအတွက် လုပ်ခလစာ ပေးချေမှုတွင် ပိုမို ခုသာခံသာ လှုပ်ရှားနိုင်မည့် အခြေအနေ ရှိနေသည်။ ထို့အပြင် အဲလက်စ်ဆောင်းကို ရောင်းချခဲ့စဉ်က ဘာစီလိုနာထံမှ ရရန်အကြွေးများလည်း ရှိနေသေးရာ ဗီလာ၏ အာဆင်နယ် ပြောင်းရွှေ့ရေး ကိစ္စသည် ဘဏ္ဍာရေး အနေအထားအရလည်း အဆင်ပြေ လွယ်ကူဖွယ် ရှိနေကြောင်း သိရှိရသည်။ အာဆင်နယ်သည် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အက်ဒရီယန် လိုပက်ဇ်ကို ခေါ်ယူရန်လည်း စဉ်းစားခဲ့သေးသည့်တိုင် ၎င်းအတွက် သတ်မှတ်ဈေး ပေါင်စတာလင် (၁၄)သန်းကို ပေးချေရန်မူ တွန့်ဆုတ်နေကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment