Monday, January 7, 2013

ခွဲစိတ်ခံရမှုမှ သက်သာ ပျောက်ကင်းလာသည့်နောက် ဘာစီလိုနာကို ပြန်လည် ကိုင်တွယ်ခဲ့သည့် ဗီလာနိုဗာ


ဘာစီလိုနာ နည်းပြ တီတို ဗီလာနိုဗာသည် ယခုအခါ ကင်ဆာ ခွဲစိတ်ခံရမှုမှ ပြန်လည် သက်သာ လာပြီးနောက် အသင်းကို ကြီးကြပ် ကိုင်တွယ်နေပြီ ဖြစ်သည်။
လက်ထောက်နည်းပြ ယော်ဒီ ရူရာနှင့် အတူ ဗီလာနိုဗာသည် ကာတာလန် ဒါဘီပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်း အက်စ်ပန်ညို အသင်းကို ရင်ဆိုင်ကစားသော ပွဲစဉ်တွင် အရန်ခုံ၌ အသင်းနှင့်အတူ ရှိနေခဲ့သည်။ အဆိုပါ လာလီဂါ ပွဲစဉ်တွင် ဘာစီလိုနာ အသင်းက အက်စ်ပန်ညိုအား (၄-၀)ဖြင့် အနိုင် ရရှိခဲ့သည်။ ထို့ကြောင့်လည်း ဘာစီလိုနာသည် ရီးယဲလ်မက်ဒရစ်နှင့် သရေကျသည့် တစ်ပွဲမှလွဲပြီး လာလီဂါတွင် ပွဲစဉ်အားလုံး အနိုင်ရထားသည့် စံချိန်ကို ဆက်လက် ထိန်းသိမ်းထားမြဲ ဖြစ်သည်။
ရူရာသည် ပထမပိုင်းတွင် အသင်းအား အော်ဟစ် ညွှန်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ဗီလာနိုဗာက အဓိက ဦးဆောင်သူအဖြစ် တာဝန်ယူခဲ့သည်။ ဗီလာနိုဗာက မိမိ၏ ကျန်းမာရေး အခြေအနေ အခက်အခဲများ ကြုံနေစဉ် အားပေးခဲ့သူများအား ကျေးဇူးတင်ကြောင်း ဆိုသည်။ "ကျွန်တော် ကိုယ်တိုင်လည်း အမြဲတမ်း အကောင်းမြင်တတ်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ကို အားပေးခဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော့် ကစားသမားတွေရော၊ ကျွန်တော် မရှိခင် အခြေမပျက်ဖြစ်အောင် အသင်းကို ထိန်းကျောင်းပေးထားတဲ့သူ အားလုံးကိုရောပေါ့"ဟု ဗီလာနိုဗာက ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့သည်။  
soccer myanmar

No comments:

Post a Comment