Monday, January 7, 2013
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အအေးလှိုင်းကျရောက်၍ လူ ၁၂၉ ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေသများတွင် အအေးလှိုင်း ကျရောက်ပြီး အပူချိန်မှာ အန္တရာယ်ကြီးလောက်စွာ ကျဆင်းခဲ့ရာ သေဆုံးသူ စုစုပေါင်းမှာ ၁၂၉ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်ဟု ဇန်နဝါရီ ၅ ရက် ယူပီအိုင် သတင်းတွင် ဖော်ပြသည်။ လွန်ခဲ့သည့် ၂၄ နာရီ အတွင်းက အအေးလှိုင်း ကျရောက်မှုကြောင့် သေဆုံးခဲ့ရသူများမှာ ဥတာပရာဒေ့ရှ် ပြည်နယ်၌ ၁၃ ဦး၊ ပန်ဂျပ် ပြည်နယ်တွင် ငါးဦးနှင့် ဟာရာနာ ပြည်နယ်တွင် နှစ်ဦးတို့ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အိန္ဒိယနိုင်ငံ ကာဂီးလ်ဒေသတွင် အပူချိန်မှာ ၃ ဒီဂရီဖာရင်ဟိုက်ထိ ကျဆင်းခဲ့ပြီး ယင်းဒေသ အနီးရှိ လာ့ခ်ျတွင် ယမန်နေ့က ၃ ဒသမ ၂ ဒီဂရီ ဖာရင်ဟိုက်ထိ စံချိန်တင် ကျဆင်းခဲ့ကြောင်း ရုပ်သံသတင်း တစ်ရပ်တွင် ဖော်ပြသည်။ နယူးဒေလီမြို့တော်၏ အပူချိန်မှာ ၃၇ ဒီဂရီဖာရင်ဟိုက်ထိ ကျဆင်းခဲ့ပြီး ဆရင်နာဂါမြို့တွင်မူ ၂၄ ဒီဂရီဖာရင်ဟိုက်ထိ ကျဆင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ အပူချိန် ကျဆင်းနေမှုများသည် ဇန်နဝါရီ ၇ ရက်နေ့ မတိုင်မီအထိ အတန်အသင့် သက်သာသွားဖွယ်ရှိမည်ဟု မမျှော်လင့်နိုင်သေးကြောင်း မိုးလေဝသ အကဲခတ်သူများက ပြောကြားသည်။ ပြင်းထန်သော အအေးလှိုင်း ကျရောက်မှုဒဏ်ကို အဆိုပါ ဒေသအတွင်းရှိ ထောင်ပေါင်းများစွာသော အိုးအိမ်မဲ့သူများ အလူးအလဲ ခံစားနေရကြောင်း ဒေသတွင်း ရုပ်သံသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းဒေသတွင်းတွင် မြူခိုးများလည်း ထူထပ်စွာ ကျဆင်းနေမှုကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ခရီးသည်များမှာ မီးရထား ဘူတာရုံများ၌ စုပုံစောင့်ဆိုင်းလျက် ရှိနေသည်။
khitlunge

No comments:
Post a Comment