Friday, January 18, 2013
ဘင်္ဂလားဒေ့ရှ်၌ လောင်စာဆီဈေးနှုန်း မြင့်တက်မှုအတွက် ပြည်သူများ ကန့်ကွက်ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း အစိုးရ၏ လောင်စာဆီဈေးနှုန်း မြှင်တင်မှုကို ကန့်ကွက်ဆန္ဒပြရန် မြို့တော်ဒါကာရှိ လမ်းများပေါ်သို့ ဖြတ်သန်း ချီတက်လာသည့် ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို လူစုခွဲရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ငရုတ်ကောင်းရည်များ ပက်ဖျန်းခြင်းနှင့် ပလတ်စတစ် တုတ်ချောင်းများကို အသုံးပြုခြင်းတို့ဖြင့် တားမြစ်ခဲ့ကြရကြောင်း ဇန်နဝါရီ ၁၆ ရက်က အေပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဇန်နဝါရီ ၁၆ ရက်က ခြောက်နာရီကြာသည့် အဆိုပါ ဆန့်ကျင်ဆန္ဒပြမှုကို ဘင်္ဂလားဒေ့ရှ် ကွန်မြူနစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။ ယင်းသပိတ်မှောက် ဆန္ဒပြမှုကြောင့် စီးပွားရေး လုပ်ငန်းအများအပြား ထိခိုက်ပျက်စီးခဲ့ပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခုနှစ်စပိုင်းမှ စတင်ကာ လောင်စာဆီဈေးနှုန်းကို ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ ယင်းဈေးနှုန်း တိုးမြှင့်မှုသည် ၂ဝဝ၉ ခုနှစ် နောက်ပိုင်း ငါးကြိမ်မြောက် တိုးမြှင့်ခြင်းလည်း ဖြစ်သည်။ ယင်းသို့ လောင်စာဆီဈေးနှုန်း တိုးမြှင့်ခြင်းသည် တစ်နှစ်လျှင် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၂၈၅ သန်းမှ သန်း ၃ဝဝ ကျော်အထိ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည့် ကုန်ကျစရိတ်ကို လျှော့ချရန် လိုအပ်မှုကြောင့် ဖြစ်ကြောင်း အစိုးရ အာဏာပိုင်များက ပြောကြားသည်။ သို့သော်လည်း အဆိုပါ လောင်စာဆီ ဈေးနှုန်းမြင့်တက်ခြင်းသည် လက်ရှိ ၉ ရာခိုင်နှုန်းမှ ထပ်မံ မြင့်တက်လာဖွယ် ရှိသည်ဟုလည်း ဝေဖန်သူများနှင့် အတိုက်အခံအဖွဲ့များက ပြောကြားသည်။ (အေပီ)
khitlunge

No comments:
Post a Comment