Tuesday, January 8, 2013
အမေရိကန်မောင်းသူမဲ့လေယာဉ်များ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါကစ္စတန် ၁၂ ဦး သေဆုံး
ပါကစ္စတန်နိုင်ငံ တောင်ဝါဇီရစ္စတန်၌ ဇန်နဝါရီ ၅ ရက်ညက အမေရိကန်တို့၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးသွားကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်များသည် ၄င်းပြည်နယ်၏ ဘာဒါခရိုင် နေရာသုံးနေရာတွင် ဒုံးကျည် ၁ဝ လုံးဖြင့် ပစ်ခတ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် လူခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ သေဆုံးသူများသည် စစ်သွေးကြွများသာဖြစ်ပြီး သံသယရှိသော စစ်သွေးကြွများသည် ထိုဒေသကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် သေဆုံးသူဦးရေ အဆမတန် မြင့်တက်လာနိုင်ကြောင်း အင်န်ဘီစီ သတင်းများက ဆိုသည်။ ပါကစ္စတန်က ၄င်း၏ ပိုင်နက်အတွင်း ထိုကဲ့သို့ တိုက်ခိုက်နေခြင်းကို ဆန့်ကျင် ကန့်ကွက်ဖွယ်ရှိသည်။ ပါကစ္စတန် ပြည်သူများကလည်း ယင်းကဲ့သို့ တိုက်ခိုက်နေခြင်းမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျကြောင်း ရှုမြင်ထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားများ သေဆုံးနေကြောင်းလည်း ပါကစ္စတန်တို့က ဆိုသည်။ အမေရိကန်က ထိုသို့ တိုက်ခိုက်စေခြင်းသည် သံသယရှိသော စစ်သွေးကြွများကိုသာ တိုက်ခိုက်နေသည်ဟု တုံ့ပြန်ပြောကြားသည်။ ၂ဝဝ၄ ခုနှစ်မှစပြီး အမေရိကန်တို့၏ မောင်းသူမဲ့ လေယာဉ်များ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ဝဝဝ ခန့် ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်း ရပ်ကွက်များက ပြောကြားသည်။
khitlunge

No comments:
Post a Comment