Thursday, January 24, 2013
မီချူးကို သက်တမ်းတိုး စာချုပ်ခဲ့သည့် ဆွမ်ဆီး
ဆွမ်ဆီးအသင်းသည် ၎င်းတို့၏ အားထားရသော တိုက်စစ်မှူး မီချူးကို သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။
ချယ်လ်ဆီးနှင့် ကစားသည့် Capital One ဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ မတိုင်မီ အသင်းနှင့် သက်တမ်းတိုး စာချုပ်ဖြစ်ခဲ့သည်။ အသက်(၂၆)နှစ်ရှိ စပိန် ကစားသမားသည် နွေရာသီကမှ ဆွမ်ဆီးသို့ စပိန်ကလပ် ရေယို ဗယ်လက်ကာနိုမှ ပြောင်းရွှေ့လာခဲ့သည်။ ပေါင်စတာလင် (၂.၂)သန်းသာ ဈေးပေးခဲ့ရသော တိုက်စစ်မှူးသည် ပရီးမီးယားလိဂ်တွင် အံ့ဩဖွယ်ရာ ကောင်းလောက်အောင် ပုံစံကောင်း ရရှိခဲ့ပြီး အမှတ်ပေးပြိုင်ပွဲ၌ (၁၃)ဂိုး သွင်းယူထားပြီး ဖြစ်သည်။
ထို့ကြောင့် အသင်းကြီး အချို့က မီချူးကို မျက်စိကျလာရာ ဆွမ်ဆီးက (၃)နှစ်ခွဲ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ မီချူးသည် စာချုပ်သစ်အရ အသင်းတွင် (၂၀၁၆)ခုနှစ်၊ နွေရာသီထိ ဆက်ရှိနေမည် ဖြစ်သည်။ မီချူးက "အသင်းက ကျွန်တော့်ကို ဆက်ရှိစေချင်တယ်။ ကျွန်တော်ကလည်း ဒီအသင်းမှာ ပျော်တယ်။ ဆုံးဖြတ်ရတာ သိပ်လွယ်ပါတယ်။ ဆွမ်ဆီးမှာ ကစားနေတာဟာ ကျွန်တော့်အတွက်တော့ အိပ်မက်တစ်ခု လက်တွေ့ ဖြစ်နေသလိုပါပဲ။ ဒီအသင်းမှာ ကျွန်တော့် သက်တမ်းတစ်လျှောက် အကောင်းဆုံး ကစားပုံကို ရနေသလို အသင်းဖော်တွေနဲ့လည်း အဆင်ပြေပါတယ်။ ဒါကြောင့် အသင်းမှာ ဆက်နေဖို့ ကျွန်တော့်အတွက် ဘာမှ အခက်အခဲ မရှိပါဘူး"ဟု ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:
Post a Comment