Friday, January 11, 2013

ကွန်ဂိုနိုင်ငံမှ အမ်-၂၃ အကြမ်းဖက်သမားများ အပစ်အခတ် ရပ်စဲရေး စတင်ကြေညာ


ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မတိုင်မီ အမ်-၂၃ အကြမ်းဖက် သမားများဘက်က အပစ်အခတ်ရပ်စဲရေး စတင်ကြေညာခဲ့ကြောင်း ဇန်နဝါရီ ၈ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ယူဂန္ဓာနိုင်ငံ မြို့တော် ကမ်ပါလာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို အကြမ်းဖက် သမားများဘက်က စတင်ကြေညာခြင်းဖြစ်ပြီး အစိုးရအနေဖြင့် လက်ခံလိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း ၄င်းတို့က ဆိုသည်။ နိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ကိုးလကြာ ပုန်ကန်မှုများ အဆုံးသတ်ရေး  စေ့စပ်ညှိနှိုင်းရန် ပြီးခဲ့သည့်လက အစိုးရနှင့် အမ်-၂၃ အကြမ်းဖက် သမားတို့ ကြိုးပမ်းမှုတစ်ရပ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံတွင် အကြမ်းဖက်သမားများက အစိုးရကို လက်နက်ကိုင် ပုန်ကန်ခဲ့ကြသည်မှာ ပြီးခဲ့သည့်နှစ် မေလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်ကြသည့် ပြည်သူဦးရေ ၈ဝဝဝဝဝ ကျော်နေပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ မိမိတို့သည် ငြိမ်းချမ်းရေးအတွက် အသင့်ရှိပါကြောင်း၊ အပစ်အခတ် ရပ်စဲရေး မိမိတို့ဘက်က ယနေ့စတင်ကြေညာကြောင်း အမ်-၂၃ အကြမ်းဖက်သမားအဖွဲ့ ဟြေရေးဆိုခွင့်ရှိသူ ဖရန့်ဆွာဂုကိုရိုလာက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအပေါ် အစိုးရက ငြင်းပယ်ခဲ့လျှင်လည်း စေ့စပ်ညှိနှိုင်းရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဟု ၄င်းကပင် ဆက်လက် ပြောကြားသည်။ စစ်တပ်အတွင်း အကြမ်းဖက် သမားများကို ပေါင်းစပ်ဖွဲ့စည်း ပေးမည်ဟူသော အစောပိုင်း သဘောတူညီချက်ကို သမ္မတ ဂျိုးဆက်ကာဘယ်လာ အစိုးရဘက်က ကတိတည်ရန် ဆုတ်ဆိုင်းနေကြောင်း အမ်-၂၃ အကြမ်းဖက်သမားတို့က စွပ်စွဲထားသည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းများတွင် အကြမ်းဖက်သမားတို့ အင်အားပိုကြီးထွားခဲ့ပြီး ဒေသရှိ အဓိကမြို့ ဂိုမာကို နိုဝင်ဘာလအတွင်း စီးနင်း သိမ်းပိုက်နိုင်ခဲ့သော်လည်း နိုင်ငံတကာမှ ဖိအားပေးမှုများကြောင့် ပြန်လည် လက်လွှဲပေးအပ်ခဲ့သည်။
BBC

No comments:

Post a Comment