Friday, January 11, 2013
နေ့တိုင်း ရှနိုက်ဒါကို စိတ်ဝင်စားနေသည့် ကလပ်များ တိုးပွားလာပြီး အလုပ် မဖြစ်ဟု အေးဂျင့်ညည်းညူ
အင်တာမီလန် အသင်း ကွင်းလယ်လူ ဝက်စ်လေ ရှနိုက်ဒါ၏ အေးဂျင့်က နေ့စဉ်နေ့တိုင်း ကလပ်အသင်းသစ်များက မိမိ ကစားသမားကို စိတ်ဝင်စားကြောင်း သတင်းများ တိုးပွားလာခြင်းကို စိတ်ပျက်နေပြီဟု ဝန်ခံခဲ့သည်။
နယ်သာလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမားသည် အင်တာနှင့် စာချုပ်သက်တမ်း တိုးမြှင့်ရေး ကိစ္စ အဆင်မပြေသည့်နောက် ဇန်နဝါရီတွင် ဆန်စီရိုမှ ကျောခိုင်းမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ တော့တင်ဟမ် ဟော့စပါးနှင့် PSG အစရှိသော အသင်းများသည် အသက်(၂၈)နှစ်အရွယ် ကစားသမားနှင့် နာမည်ထွက်ခဲ့သည်။ ထို့အပြင် ပရီးမီးယားလိဂ် တန်းဆင်းဇုန်မှ QPRအသင်းသည်လည်း ယင်းစာရင်းတွင် ပါဝင်ခဲ့သေးသည်။
ယခုအခါ တူရကီကလပ် ဂါလာတာဆာရေးသည်လည်း ရှနိုက်ဒါအား ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာရာ ရှနိုက်ဒါ၏ အေးဂျင့် ဆိုရန်လာဘီက သတင်းကြီးပြီး လက်တွေ့ မဖြစ်မြောက်သည့် အခြေအနေများကို ညည်းညူသွားသည်။ "သတင်းတွေကတော့ နေ့တိုင်းနေ့တိုင်း ရှနိုက်ဒါကို လိုချင်တဲ့ အသင်းသစ် တစ်သင်းစီ တိုးတိုးလာနေတယ်။ ကျွန်တော်ကတော့ ဒါတွေကို ဘာမှ မတုံ့ပြန်ချင်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ လောလောဆယ် အားလုံးက ကောလာဟလတွေချည်းပဲလေ"ဟု လာဘီက ပြောကြားခဲ့သည်။
အင်တာသည် ရှနိုက်ဒါကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်ခဲ့သော်လည်း ကစားသမား လက်ရှိ ရယူနေသော လုပ်ခကို လျှော့ချရန် တောင်းဆိုရာမှ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့ပြီး စက်တင်ဘာလ ကတည်းက ရှနိုက်ဒါအား အသင်းတွင် ကစားခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရသည်။
Ref: Goal
soccer myanmar

No comments:
Post a Comment