Thursday, January 24, 2013
ယမန်နှစ်ကထက် ပိုမို ကောင်းမွန် ပြည့်စုံလာသည်ဟု ခံစားရကြောင်း ဖာဘရီဂက်စ် ပြောကြား
မိမိသည် ယမန်နှစ်ကထက် ပိုမို ပြည့်စုံသည့် ကစားသမား တစ်ယောက် ဖြစ်လာသည်ဟု ခံစားရကြောင်း ဆက်စ် ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။
အသက်(၂၅)နှစ်ရှိ စပိန်လက်ရွေးစင်သည် အာဆင်နယ်ကို စွန့်ခွာကာ ငယ်မွေးခြံပေါက် ကလပ်အသင်း ဘာစီလိုနာသို့ ပြီးခဲ့သည့်ရာသီ အစောပိုင်းက ပြန်လည် ပြောင်းရွှေ့လာခဲ့သည်။ စပိန်လာလီဂါတွင် ပထမဆုံး ပြန်ကစားသော ဘောလုံးရာသီ၌ ရုန်းကန်ခဲ့ရသော်လည်း ယခုအခါ အဆင်ပြေ ချောမွေ့လာပြီး ပိုမိုကောင်းမွန်သည့် ကစားသမားတစ်ဦး ဖြစ်လာကြောင်း ဖာဘရီဂက်စ်က မိမိကိုယ်ကိုယ် သုံးသပ်ခဲ့သည်။ တစ်ရာသီအတွင်း ခက်ခဲသော အတွေ့အကြုံ အချို့ကို ဖြတ်သန်း ရင်ဆိုင်ပြီးနောက် ပိုမိုပြည့်စုံသည့် ကစားသမား တစ်ဦးအဖြစ် မိမိ ရပ်တည်နိုင်ခဲ့ပြီဟု ဖာဘရီဂက်စ်က ဆိုသည်။
"ခုတော့ ကစားရတာ အရမ်းကို သက်တောင့်သက်သာ ဖြစ်လာပါတယ်။ ကျွန်တော် ပြေးလွှားနေတဲ့အခါ ဘယ်လို ဦးတည်ရမယ်၊ ဘယ်လို နေရာယူရမယ် ဆိုတာမျိုးကို ပိုပြီးကောင်းအောင် ရွေးချယ်လာနိုင်တယ်။ ပြီးတော့ ကာယ ကြံ့ခိုင်မှု အပိုင်းမှာလည်း ကျွန်တော် မနှစ်တုန်းကထက်ကို ပိုကောင်းလာပါတယ်"ဟု ဖာဘရီဂက်စ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ ၎င်းက "တကယ်တော့ အစပိုင်း ကတည်းက အရမ်း ကြိုးစားခဲ့တာလည်း အကြောင်းရင်း တစ်ခုပါ။ ရာသီကုန်ထိ အကောင်းဆုံး အခြေအနေနဲ့ ဖြတ်သန်းဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ဒီအခြေအနေကို ပိုတိုးတက်လာအောင် ကျွန်တော် အမြဲတမ်း ဆက်ပြီး ရည်စူးထားမှာပါ"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်။
Ref: Goal
soccer myanmar

No comments:
Post a Comment