Monday, January 28, 2013
ဟာဇက်၏ ပြစ်ဒဏ်ကို FA တိုးမြှင့်လျှင် အယူခံ ဝင်မည်ဟု ဘင်နီတက်ဇ် အတည်ပြု
ချယ်လ်ဆီး အသင်း အနေဖြင့် အီဒင်ဟာဇက်၏ ပွဲပယ် ပြစ်ဒဏ်ကို FAက တိုးမြှင့်ပါက အယူခံ ဝင်မည်ဖြစ်ကြောင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က အတည်ပြု ပြောကြားလိုက်သည်။
ဆွမ်ဆီးနှင့် ကစားသော Capital One အကြို ဗိုလ်လုပွဲတွင် အသက်(၁၇)နှစ် အရွယ် ဘောကောက် လူငယ် တစ်ဦးအား ကန်ကျောက်မှုကြောင့် အနီကတ် ထိခဲ့သော ဘယ်လ်ဂျီယံ လက်ရွေးစင်သည် အကျိုးဆက် အဖြစ် (၃)ပွဲ ပယ်ခံရမည် ဖြစ်သည်။ သို့သော်လည်း FAက ဟာဇက်၏ လုပ်ရပ်မှာ လက်ခံနိုင်စရာ အကြောင်းမရှိဟု ယူဆပြီး နောက်ထပ် သီးခြား စွဲချက် တင်ရှိထားပြီး ပြစ်ဒဏ်ကို တိုးမြှင့်ရန် လုပ်ဆောင်နေသည်။ ချယ်လ်ဆီးသည် မူလ အနီကတ်အတွက် ပြစ်ဒဏ်ကို လက်ခံမည် ဖြစ်သော်လည်း FAက ပြစ်ဒဏ် တိုးမြှင့်လျှင်မူ အယူခံ ဝင်မည်ဖြစ်ကြောင်း ဘင်နီတက်ဇ်က ပြောဆိုသွားသည်။
ဘင်နီတက်ဇ်က "(၃)ပွဲပယ် ပြစ်ဒဏ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါဟာ လုံလောက်တဲ့ အရေးယူမှု တစ်ခုလို့လည်း ယူဆတယ်။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာ စောင့်ကြည့် ရမှာပါ။ ယှဉ်ပြိုင်မှု ပြင်းထန်နေတဲ့ ဖလားပြိုင်ပွဲ တစ်ခုမှာ ကစားသမား တစ်ယောက် လုပ်ဆောင်ခဲ့တဲ့ အရာအတွက် (၃)ပွဲပယ်တာ လုံလောက်နေပါပြီ"ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက ဆက်လက်၍ "ပရော်ဖက်ရှင်နယ် တစ်ယောက် အနေနဲ့ရော၊ ကလပ်အသင်း အနေနဲ့ပါ ကိုယ့်ကစားသမားကို အဲဒီပွဲမှာ အဆုံးရှုံး ခံခဲ့ရတာပါ။ ပြီးတော့ နောက်ထပ် အနည်းဆုံး (၃)ပွဲ ထပ်ပြီး လက်လွှတ် ရဦးမယ်။ ဒါဟာ လုံလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်" ဟုလည်း ပြောဆိုသွားသည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment