Saturday, January 5, 2013

KIA က အဖျက်လုပ်ငန်းတွေလုပ်လို့ တုန့်ပြန်ရတာပါလို့ အစိုးရပြော

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ 
အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ

ကချင်ပြည်နယ်တွင်းက မြန်မာအစိုးရ တပ်တွေနဲ့ KIO/KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ KIO/KIA အဖွဲ့ကို တပ်မတော်က ထိုးစစ်ရပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ပေမဲ့ တဖက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် မိမိတို့အနေနဲ့ အများပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေး၊ နယ်မြေဒေသ အေးချမ်းတည်ငြိမ်ရေးတို့အတွက် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းနဲ့ စစ်ရေးအရပြန်လည်တုံ့ပြန်မှုတွေကို မလွှဲမရှောင်သာပြုလုပ်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
စစ်ကြောင့်ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို နိုင်ငံတော်က ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေနဲ့အတူ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်းလည်း ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ KIO/KIA အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့  ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေအတွက် ပြည်သူလူထုအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာဖော်ပြထားပါတယ်။
RFA

No comments:

Post a Comment