Wednesday, February 27, 2013

နောဝှစ်ခ်ျစီးတီးနှင့် ပွဲတွင် မန်ယူအသင်း အရန်ခုံ၌ ဗန်ပါစီ ရှိနေနိုင်


မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီသည် နောဝှစ်ခ်ျစီးတီးနှင့် ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အသင်း၏ အရန်ခုံတန်း၌ ရှိနေနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ထိုအခြေအနေသည် လာမည့် သီတင်းပတ် ကြားရက်တွင် ရီးယဲလ်မက်ဒရစ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲကျပ်ကစားရမည့် မန်ယူအသင်းအတွက် စိတ်ကျေနပ် အားတက်ဖွယ်ရာ ဖြစ်လာသည်။ အသက်(၂၉)နှစ်ရှိ နယ်သာလန် လက်ရွေးစင်သည် စနေနေ့က ကစားသည့် QPRနှင့် ပွဲစဉ်တွင် အရှိန်လွန်ကာ ကွင်းဘေးရှိ ကင်မရာနှင့် တိုက်မိပြီး တင်ပါးတွင် ဒဏ်ရာ ရခဲ့သည်။ အစောပိုင်းက ဗန်ပါစီသည် ရီးယဲလ်နှင့် ကစားမည့် ဒုတိယ အကျော့ ပွဲစဉ်ကို လွဲချော်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါတွင်မူ အဆိုပါ ပွဲစဉ်အတွက် သေချာနေပြီဟု သိရသည်။
မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် QPRနှင့်ပွဲတွင် ပွဲချိန် (၄၁)မိနစ်၌ ဒဏ်ရာ အနည်းငယ် ရှိနေသော ဗန်ပါစီကို လုံးဝ စွန့်စားအသုံးပြုခြင်း မရှိတော့ဘဲ ချက်ချင်း လူစားလဲ ထွက်ခွာစေခဲ့သည်။ ဗန်ပါစီသည် အာဆင်နယ်မှ ပြောင်းရွှေ့လာပြီးနောက် ယခုရာသီ မန်ယူ၏ အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြ ဂိုးများ သွင်းယူပေးလျှက် ရှိသည်။ "ဗန်ပါစီရဲ့ တင်ပါးမှာ စုတ်ပြဲသွားတာပါ။ လောလောဆယ် နည်းနည်း မသက်မသာ ဖြစ်နေပေမယ့် နောက်တစ်ပတ်ဆိုရင် လုံးဝအရှင်း ပျောက်ကင်းနေလောက်ပါပြီ"ဟု မန်ယူအသင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားခဲ့သည်။
ဖာဂူဆန်သည် နောဝှစ်ခ်ျကို အိမ်ကွင်းတွင် လက်ခံ ကစားရာ၌မူ ဗန်ပါစီကို ပွဲထွက် အသုံးပြုဖွယ် မရှိသေးဘဲ ရီးယဲလ်နှင့် ပွဲစဉ်ကျမှသာ ပြန်လည် ကစားစေဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment