Friday, February 22, 2013

ကွာတားဖိုင်နယ် တက်ရေးအတွက် မိမိတို့ ပိုတိုးတက်ရန် လိုအပ်ဟု ပီကေးဝန်ခံ


အေစီမီလန်ကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် တက်ရောက်ရေး အတွက် ယခုထက် မိမိတို့ ပိုမို တိုးတက်ရန် လိုနေပြီဟု ဘာစီလိုနာ နောက်ခံလူ ဂျရတ်ပီကေးက ဝန်ခံခဲ့သည်။
ဘာစီလိုနာသည် ဆန်စီရိုတွင် (၂-၀)ဖြင့် အရေး နိမ့်ခဲ့သည့်နောက် ချန်ပီယံလိဂ်တွင် စောစီးစွာ ထွက်ခွာရမည့် ခြိမ်းခြောက်မှုမျိုးနှင့် ကြုံလာရသည်။ အသင်းအနေဖြင့် နူးကမ့်တွင် အီတလီ ကလပ်ကို လက်ခံ ကစားခွင့် ရှိနေသေးသည့်တိုင် လက်ရှိ အခြေအနေအရ မီလန်က အသာစီး အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ စပိန်လက်ရွေးစင် ပီကေးက မီလန်ကို ကျော်ဖြတ်ရန်အတွက် ဘာစီလိုနာသည် အသေအကျေ ကြိုးစား အားထုတ်မှုမျိုး လိုအပ်နေပြီဟု ပြောကြားသွားသည်။
"ပြန်ကန်တဲ့ပွဲမှာ မဖြစ်ဖြစ်အောင် ကျွန်တော်တို့ အနိုင်ရဖို့ အားထုတ်ရပါတော့မယ်။ ဒါပေမဲ့ အသင်းဟာ အရှုံးကနေ သင်ယူပြီး ခုထက်ပိုတိုးတက်လာဖို့ လိုနေပါပြီ။ နူးကမ့်မှာ ပဉ္စလက်ဆန်ဆန် ညတစ်ညကို ကြုံတွေ့ပြီး အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ခုရလဒ်က တကယ်ကို ဆိုးပါတယ်။ ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့သလို ဒီအတွက် ဆင်ခြေပေးနေစရာ မရှိပါဘူး။ သူတို့ ပထမဂိုး သွင်းသွားတော့ ကျွန်တော်တို့ ပွဲကို မထိန်းချုပ်နိုင်တော့ဘူး။ ဆန်စီရိုဟာ ခက်ခဲတဲ့ နေရာတစ်ခုပါ။ အထူးသဖြင့် မီလန်လို သမိုင်းကြောင်း ထည်ဝါတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်တဲ့အခါ ပိုပြီး ရုန်းကန်ရတတ်ပါတယ်"ဟု ပီကေးက ပြောဆိုသွားခဲ့သည်။  
၎င်းက "အရှုံးအနေအထားမှာ ကျွန်တော်တို့ ရှိနေပေမယ့် ပြန်ကန်ပွဲမှာ အကောင်းဆုံးတွေ လုပ်ပြနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ပထမဆုံး မိနစ်ကတည်းက နူးကမ့်မှာ ကျွန်တော်တို့ ဖိအားပေး ကစားဖို့ ကြိုးစားရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပြိုင်ဘက်ဟာ မီလန်ပါ။ ကစားနေတဲ့ ပြိုင်ပွဲက ချန်ပီယံလိဂ်ပါ။ ခုရလဒ်ဟာ ဆိုးရွားထားခဲ့တာ မှန်ပေမယ့် ကျွန်တော်တို့ ဖြစ်နိုင်ခြေ အားလုံးကို မျှော်လင့်ချင်ပါသေးတယ်"ဟုလည်း ဖွင့်ဟသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment