Thursday, February 28, 2013
စင်္ကာပူနိုင်ငံတွင် တရားမ၀င်ဆန္ဒပြမှုအား လှုံ့ဆော်ခဲ့သော ယာဉ်မောင်း လေးဦးကို ထောင်ဒဏ်ချမှတ်
ယခင်နှစ် နိုဝင်ဘာလအတွင်းက စင်္ကာပူနိုင်ငံတွင် တရားမ၀င်ဆန္ဒမှုအား လှုံ့ဆော်ခဲ့ကြသော ယာဉ်မောင်းလေးဦးအား တရားရုံးက ရက်သတ္တခြောက်ပတ်နှင့် ခုနှစ်ပတ်ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ ၎င်းတို့လေးဦးသည် ယမန်နှစ်နိုဝင်ဘာလ ၂၆ ရက်က အများပြည်သူ သယ်ယူပို့ဆောင်ရေး SMRT ကုမ္ပဏီ၏ လခနှုန်းထားကွာခြားခြင်းနှင့် တရားမ၀င်ခွဲခြားဆက်ဆံမှုကို ဆန္ဒပြသည့်အနေဖြင့် အလုပ်ဆင်းရန် ပျက်ကွက်ခဲ့သော ယာဉ်မောင်း ၁၇၀ ဦးတွင် ပါဝင်ခဲ့သူများဖြစ်သည်။ ဆန္ဒပြသူများအနက် ၁၉ ဦးမှာ နိုင်ငံရင်းသို့ ပြန်ပို့ခြင်းခံခဲ့ရသည်။ ထိုယာဉ်မောင်းလေးဦးကြောင့် အများပြည်သူ သုံးစွဲနေသော သယ်ယူပို့ဆောင်ရေး လုပ်ငန်း ထိခိုက်ခဲ့ကြောင်း၊ ဤလုပ်ငန်းသည် မရှိမဖြစ်လိုအပ်သည့် ၀န်ဆောင်မှု လုပ်ငန်းဖြစ်သောကြောင့် အလုပ်သမားများ အနေဖြင့် တရားဝင်ခွင့်ပြုချက် တောင်းခံ ရယူပြီးမှ ဆန္ဒပြခွင့်ရှိသည်ဟူသော စည်းကမ်းများရှိသည်ဟု အကြီးတန်း ခရိုင် တရားသူကြီးက ဆိုသည်။ ၎င်းယာဉ်မောင်းများသည် နစ်နာချက်ကြောင့် ယင်းသို့ပြုမူဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ နစ်နာချက်များ ခိုင်လုံမှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဥပဒေကို မျက်ကွယ်ပြု၍ လက်လွတ်စပယ် ဆောင်ရွက်ခွင့် မရှိကြောင်း၊ ဥပဒေကို မသိနားမလည်မှုကြောင့်ဟူ၍ ပြုမူဆောင်ရွက်မှုကို လုံးဝခွင့်လွှတ်နိုင်ခြင်း မရှိကြောင်း တရားသူကြီးက ပြောကြားသည်။
khitlunge

No comments:
Post a Comment