Tuesday, March 19, 2013

မန်စီးတီးကို ငြင်းပယ်ပြီး ဥရောပ အသင်းကြီး တစ်ခုသို့ ပြောင်းရွှေ့လိုကြောင်း နေမာဖွင့်ဟ


မန်ချက်စတာ စီးတီး အသင်းသို့ မိမိ ပြောင်းရွှေ့ရန် စိတ်ကူး မရှိကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပြီးနောက် ဥရောပ ဘောလုံးလောကတွင် အသင်းကြီး တစ်ခု အတွက်သာ ပြောင်းရွှေ့ ကစားလိုကြောင်း နေမာက ပြောကြားလိုက်သည်။
ထို့ကြောင့်လည်း ဆန်းတို့စ် အသင်း၏ ဘရာဇီးလ် လက်ရွေးစင် ကစားသမားက လက်ရှိ အင်္ဂလန် ချန်ပီယံ မန်စီးတီးကို အသင်းကြီးစာရင်း မသွင်းသည့် သဘောမျိုး ဖြစ်လာကြောင်း ဗြိတိန် သတင်း ဌာနများက ဖော်ပြခဲ့သည်။ အသက်(၂၁)နှစ်ရှိ နေမာကို ဆန်းတို့စ်အသင်းက ဈေးနှုန်း ပေါင်စတာလင် သန်း(၅၀) သတ်မှတ်ထားပြီး ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့က ချိတ်ဆက်နေသည်။ သတင်းများက မန်စီးတီးသည် နေမာကို စပိန်ထိပ်တန်း ကလပ်များထက် လက်ဦးမှုယူ ကမ်းလှမ်းလာနိုင်ကြောင်း ဖော်ပြခဲ့သော်လည်း နေမာကိုယ်တိုင်ကမူ နူးကမ့်သို့သာ သွားရောက်လိုကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့သည်။
"လီယွန်နယ်လ် မက်ဆီ၊ ရှာဗီဟာနန်ဒက်ဇ်နဲ့ အန်းဒရက်စ် အင်နီယေစတာတို့ ရှိနေတဲ့ အသင်းမျိုးမှာ ကစားဖို့ ဘယ်သူက အိပ်မက် တစ်ခုလို မတောင့်တပဲ နေမလဲ။ သူတို့ အားလုံးဟာ တကယ့်ကို ထူးချွန်လွန်းတဲ့ ကစားသမားတွေလေ"ဟု နေမာက ဆိုသည်။ မန်စီးတီး၏ အလားအလာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်ူမ ၎င်းက "ဥရောပမှာ ကျွန်တော် ကစားမယ်ဆိုရင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့လို ကလပ်အသင်းကြီးတွေ ဆီမှာပဲ ကစားချင်ပါတယ်"ဟု ဖြေကြားသွားခဲ့သည်။ 
၎င်းက "လောလောဆယ် ကိစ္စအားလုံးက ထင်ကြေးတွေပဲ ရှိဦးမှာပါ။ ဆန်းတို့စ်ကို ကျွန်တော် မစွန့်ခွာသေးပါဘူး။ ကျွန်တော် ဆန္ဒရှိတဲ့အချိန်မှာ အသင်းက ထွက်ပါမယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ဘာစီလိုနာ အဆင့်နဲ့ ထိုက်တန်မှု ရှိမရှိ ဆိုတာကို ကျွန်တော် မသိသေးဘူး။ သေချာတာ တစ်ခုတော့ ကျွန်တော် သိတယ်။ ဆန်းတို့စ်ဟာ ကျွန်တော့်အတွက် ခုချိန်မှာ အသင့်တော်ဆုံး နေရာ တစ်ခုပဲ"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment