Tuesday, March 19, 2013

ရဟတ်ယာဉ်တစ်စင်းအကူအညီဖြင့်ထွက်ပြေးသူ အကျဉ်းသား နှစ်ဦးကို ပြန်လည်ဖမ်းဆီးရမိ


ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခုမှ အကျဉ်းသားနှစ်ဦးသည် ရဟတ်ယာဉ် တစ်စင်းပေါ်မှ ချပေးသော ကြိုးတစ်ချောင်းကို တွဲခိုလျက် အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြကြောင်း၊ သို့ရာတွင် ၄င်းတို့ကို ပြန်လည်ဖမ်းဆီး ရမိခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ကွီဘက်ပြည်နယ် မွန်ထရီယယ်လ်မြို့ အနောက်တောင်ဘက်ရှိ အကျဉ်းထောင်မှ အကျဉ်းသားနှစ်ဦးသည် မတ် ၁၇ ရက်က နေ့ခင်းကြောင်တောင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းမှုကို ရုပ်ရှင်ဆန်ဆန် တွေ့မြင်ခဲ့ရ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ အကျဉ်းသားနှစ်ဦးသည် ဝေဟင်၌ ရပ်တန့်ထားသော ရဟတ်ယာဉ် တစ်စင်းပေါ်မှ ချပေးသည့် ကြိုးတစ်ချောင်းကို တွယ်တက်ကာ အကျဉ်းထောင်မှ ထွက်ပြေးခဲ့ကြသည်။ မတ် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ယင်းဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၄င်းတို့ကို ပြန်လည်ဖမ်းဆီးရမိနိုင်ရန် ချက်ချင်းကြိုးပမ်းခဲ့ကြသည်။ အကျဉ်းသားတစ်ဦးကို အခြား အမျိုးသားနှစ်ဦးနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဒုတိယမြောက် အကျဉ်းသားတစ်ဦးကို နာရီအတန်ကြာခြားလျက် ဖမ်းဆီးရမိခဲ့သည်။ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကူညီခဲ့သော ရဟတ်ယာဉ်ကိုလည်း ရှာဖွေတွေ့ရှိရပြီး ရဟတ်ယာဉ်မှူးကို ယခုအခါ စစ်ဆေးမေးမြန်းလျက် ရှိသည်။ မွန်ထရီယယ်လ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၆ဝ (မိုင် ၄ဝ)ခန့် အကွာရှိ အကျဉ်းထောင်မှ ထွက်ပြေးရန် ကြိုးပမ်းခဲ့ရာတွင် အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ အကျဉ်းထောင်မှ ၈၅ ကီလိုမီတာ အကွာတွင် ရဟတ်ယာဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ အနုကြမ်းစီး လုယူခံခဲ့ရသော ရဟတ်ယာဉ်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။ 
(ရိုက်တာ)
khitlunge

No comments:

Post a Comment