Sunday, March 24, 2013
လီဗာပူးလ်သည် မိမိ၏ အိမ်ဟု အခံစားမိဆုံး အသင်းဖြစ်ကြောင်း အိုဝင်ဖွင့်ဟ
မိမိ၏ ကစားသမား ဘဝတွင် ကိုယ့်အိမ်ကိုယ့်ရာ အဖြစ် ခံစားမိသည့် တစ်ခုတည်းသော အသင်းမှာ လီဗာပူးလ် ဖြစ်ကြောင်း မိုက်ကယ် အိုဝင်က ဝန်ခံခဲ့သည်။
လီဗာပူးလ်တွင် ကစားသမား ဘဝ စတင်ခဲ့သော အင်္ဂလန် တိုက်စစ်မှူးဟောင်းသည် လက်ရှိ စတုတ်ခ်စီးတီး၌ ကစားနေပြီး ရာသီကုန်တွင် ဘောလုံးသမား ဘဝကို အပြီးတိုင် ကျောခိုင်း စွန့်ခွာတော့မည်ဟု ကြေညာထားသည်။ အသက်(၃၃)နှစ်ရှိ အိုဝင်သည် လီဗာပူးလ်နှင့် စတုတ်ခ်တို့အပြင် ရီးယဲလ်မက်ဒရစ်၊ နယူးကာဆယ်လ် ယူနိုက်တက်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများတွင်လည်း ကစားခဲ့ဖူးသည်။ ကလပ်အသင်း အဆင့်တွင် (၂၂၂)ဂိုး သွင်းယူခဲ့ဖူးသည့် အိုဝင်က အခြားသော ကလပ်များထက် အန်းဖီးလ်ကို မိမိ ပိုတွယ်တာမိခဲ့ကြောင်း ဖွင့်ဟသွားသည်။
၎င်းက ကိုယ်တိုင် ဖန်တီးသည့် အင်တာနက် Blogတစ်ခုတွင် "လီဗာပူးလ်ဟာ ကျွန်တော့် အိမ်လို အခံစားရဆုံး အသင်းပါပဲ"ဟု ရေးသားခဲ့သည်။ အိုဝင်က "ကျွန်တော် စတုတ်ခ်နဲ့ စာချုပ်ခဲ့တာဟာ ကစားခွင့် များများ ရဖို့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် ဖြစ်မြောက်မလာဘူး။ ဟုတ်ပါတယ်။ ကျွန်တော့်မှာ ကြွက်သား ဒဏ်ရာလေး တချို့တော့ ရှိနေတယ်။ အဲဒါကြောင့်တော့ ကျွန်တော် ပွဲများများ မကစားရတာ ကြံ့ခိုင်မှု မကောင်းလို့ ဆိုပြီး အပြစ်မပြောပါနဲ့။ ဒါဟာ အဓိပ္ပါယ် မရှိပါဘူး"ဟုလည်း မှတ်ချက်ပြုသွားသည်။
soccer myanmar

No comments:
Post a Comment