Wednesday, March 6, 2013

နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

မတ်လ(၉)ရက်နေ့တွင် ဒီချုပ်ပါတီမှ ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် ဗဟိုအလုပ်အမှု ဆောင်(၇)ဦးအား ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီးဖြစ်ကြောင်း ညီလာခံကျင်းပရေး ဗဟိုကော်မရှင်၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရှိရသည်။
 
 အဆိုပါ ညီလာခံကျင်းပရေးဗဟိုကော်မရှင်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဗဟိုညီလာခံ ကိုယ်စား လှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မေ၀င်းမြင့် ၊ မွန်ပြည်နယ်  ဗဟို ညီလာခံကိုယ်စားလှယ်အဖြစ် ဦးဥာဏ်ဝင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် ဦးဟံသာမြင့် ၊ မန္တလေးတိုင်းဒေသကြီးဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ် ဦးအုန်းကြိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးဝင်းမြင့် နှင့် ရှမ်းပြည်နယ် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန်တို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
 
 အဆိုပါ ဗဟိုညီလာခံကိုယ်စားလှယ်(၇)ဦးတို့သည် တိုင်းနှင့်ပြည်နယ်မှ တက်ရောက်လာမည့် ဗဟိုညီလာခံကိုယ်စားလှယ် များဖြစ်ကြောင်း သိရှိရသည်။
 
တိုင်းနှင့်ပြည်နယ်(၁၄)ခုမှ တက်ရောက်မည့် ဗဟိုညီလာခံကိုယ်စားလှယ်များသည် (၉၀၀)ဦးရေခန့်ရှိပြီး အဆိုပါ ကိုယ်စားလှယ်များသည် မတ်လ (၉)ရက်နေ့တွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ကာ ဗဟိုကော်မတီ (CC) နှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) များကို ရွေးချယ် ပေးမည်ဖြစ်ကြောင်း ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးထံမှ သိရှိရသည်။
 
ဒီချုပ်ပါတီမှ ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာညီလာခံကို မတ်လ(၉)ရက်နေ့ နံနက် (၉)နာရီတွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင် ကျင်းပမည်ဖြစ်ပြီး ဖိတ်စာတစ်စောင်လျှင်တစ်ဦးသာ တက်ရောက်ခွင့်ရှိကြောင်း ၊ တက်ရောက်မည့် သတင်းဌာနများမှ သတင်းထောက်(၂)ဦး၏ အမည် ၊ ရာထူး နှင့် မှတ်ပုံတင်တို့ကို  မတ်လ (၅)ရက်နေ့ နောက်ဆုံးထားကာ info@nldcongress.com သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ဒီချုပ်ပါတီ၏ ဖိတ်စာတွင် ပါရှိသည်။
ဝင့်သင်ဇာကျော် (မြစ်မခ) 

No comments:

Post a Comment