Friday, April 5, 2013
ချေချင်းညာမှ မိုးမျှော်အဆာက်အအုံသစ်တစ်လုံး မီးလောင်
ရုရှားနိုင်ငံ မြောက်ကော့ကေးဆပ် ချေချင်းညာဒေသမှ အမြင့်ဆုံး မိုးမျှော်အဆောက်အအုံ တစ်ခုဖြစ်သည့် ဇိမ်ခံဟိုတယ်တစ်လုံးသည် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံးဝနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း အာရ်တီ သတင်းဌာနက ရေးသားဖော်ပြသည်။ ဒေသခံအရေးပေါ် ကူညီကယ်ဆယ်ရေး ဌာန၏ ကနဦး စုံစမ်းစစ်ဆေးမှုများအရ Grozny City မိုးမျှော်အဆောက်အအုံကို ဧပြီ ၄ ရက် (ကြာသပတေးနေ့) နံနက် ၁ နာရီခွဲခန့်တွင် စတင်လောင်ကျွမ်းခဲ့ပြီး အထပ်ပေါင်း ၄ဝ ရှိသည့် အဆိုပါ အဆောက်အအုံမှာ တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးလုနီးပါး အခြေအနေသို့ ရောက်နေပြီဟု သိရသည်။ ၄၇၅ ပေ (၁၄၅ မီတာ) မြင့်သည့် အဆိုပါ မိုးမျှော်တိုက်သည် ဆောက်လုပ်ဆဲ အဆောက်အအုံဖြစ်သည့်အတွက် လူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ဒေသခံ ရဲအရာရှိများက အတည်ပြုပြောကြားသည်။ မီးလောင်ရာသို့ မီးသတ်ကားများ၊ မီးသတ်တပ်ဖွဲ့ဝင် ၃ဝဝ နှင့် အရေးပေါ် လူနာတင်ယာဉ်များ ရောက်ရှိလာခဲ့ပြီး မီးလောင်မှု ဧရိယာကို ပိတ်ဆို့ ဝန်းရံထားခဲ့ရသည်။ မီးသတ်သမားများက လက်လှမ်းမီရာ အထပ်နိမ့် အဆောက်အအုံများကို ကြိုးစားငြှိမ်းသတ်သော်လည်း မီးမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ငြှိမ်းသတ်ရန် အခက်အခဲ တွေ့ခဲ့ရကြောင်း၊ ရဟတ်ယာဉ်များဖြင့် ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း ဘေးတွင် အခြားအထပ်မြင့် အဆောက်အအုံများ ရှိနေသည့်အတွက် အလုပ်မဖြစ်ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မီးလောင်မှု ဖြစ်ပွားရခြင်းမှာ မီးဘေးလုံခြုံမှု စည်းမျဉ်းဥပဒေများကို ချိုးဖောက်ခဲ့ခြင်းကြောင့်ဟု ယူဆရပြီး ကနဦး စုံစမ်းစစ်ဆေးမှုများအရ ဝါယာရှော့ခ်ဖြစ်၍ လောင်ကျွမ်းခဲ့ရကြောင်း သတင်းတွင် ဖော်ပြသည်။ (အာရ်တီ)
khitlunge

No comments:
Post a Comment