Friday, April 5, 2013
အာဂျင်တီးနား၌ ရေလွှမ်းမှုကြောင့် ၅၄ ဦးသေဆုံး
အာဂျင်တီးနားနိုင်ငံ မြို့တော်ဗျူနိုအေရိစ် ဝန်းကျင်တွင် ရက်ပေါင်းများစွာ မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမှုများ ဖြစ်ပေါ်ပြီး အနည်းဆုံး ၅၄ ဦးသေဆုံးကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက ပြောကြားသည်။ မြို့တော် ဗျူနိုအေရိစ်တောင်ဘက် ကီလိုမီတာ ၆ဝ ခန့်အကွာ လာပလာတာမြို့တွင် ဧပြီ ၂ ရက် နှောင်းပိုင်းမှ ၃ ရက်အထိ နာရီ အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် ၄ဝ စင်တီမီတာ ရောက်ရှိမှုကြောင့် လူပေါင်း ၄၆ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အချိန်အနည်းငယ်အတွင်း မိုးများ သည်းထန်စွာ ရွာသွန်းသဖြင့် ဗျူနိုအေရိစ်မြို့အတွင်း ရှစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုသည် လမ်းများပေါ်တွင် ၄င်းတို့၏ ကားများအတွင်း ပိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အချို့မှာ ဓာတ်လိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းရုတ်တရက် ရွာသွန်းသည့် မိုးကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်ခဲ့ပြီး စာသင်ကျောင်းများနှင့် အစိုးရရုံးများလည်း ပိတ်ထားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment