Saturday, April 6, 2013

အန္တရာယ်ရှိနိုင်၍ ယခုနှစ်အတွက် ပြည်ချောင်းသာစခန်း ဖွင့်လှစ်နိုင်တော့မည်မဟုတ်

ပြည်န၀ဒေးတံတားအနီးရှိဧရာဝတီမြစ်၏သဲသောင်များပေါ်၌ယခင်ကအပန်းဖြေစခန်းပြုလုပ်ခဲ့သော ပြည်
ချောင်းသာမှာ ယခုနှစ်တွင် ဘူမိရုပ်သွင်အနေအထားပြောင်းလဲကာ ရေများပြီးအန္တရာယ်ရှိလာနိုင်သည့် အတွက် ယခုနှစ်တွင် အပန်းဖြေစခန်းအဖြစ် အသုံးပြုရန် အခြေအနေမပေးတော့ဟု ဒေသခံတို့က ဆိုသည်။
 
ဧရာဝတီမြစ်အပေါ်၌ ဖြစ်ပေါ်လာသော သောင်များပေါ်တွင် အပန်းဖြေစခန်းများပြုလုပ်ကာ ထိုဒေသများသို့ လာရောက် အပန်းဖြေသူများရှိသောကြောင့် ဒေသခံများအတွက် ၀င်ငွေရစေနိုင်သော်လည်း ဂေဟဗေဒ စနစ်အရ မြစ်မှာ ဆိုးကျိုးများကို စတင်ခံစားနေရသည်ဟု ယူဆ၍ရကြောင်း ပညာရှင်တို့က သုံးသပ်ကြသည်။
 
ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်မြို့န၀ဒေးတံတားအနီး၌ ပြည်ချောင်းသာကမ်းခြေသို့ ယခင်နှစ်က အပန်းဖြေလာရောက်သူ များပြားခဲ့ကြောင်းကိုလည်း သိရသည်။
 
ဒီနှစ်တော့မလုပ်ဖြစ်ဘူးပြောတယ်။အဲ့ဒီနေရာကသဲသောင်တွေက ပြေပြီးနိမ့်ဆင်းသွားပြီးလို့  ချောက်လို
 ဖြစ်သွားတယ်။ ဒါကြောင့် ဒီကိုလာမယ့် သူတွေအတွက်လည်း အန္တရာယ်များတယ်။ ပြီးတော့ မိထ္ထီလာကိစ္စနဲ့ ပတ်သက်ပြီး ဒီဘက်မှာ   ကောလဟာလတွေကြောင့်လည်းပါမယ်ထင်တယ်။ ဟု ပြည်ချောင်းသာအနီးရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
မြစ်ကြောင်းထိန်းသိမ်းရေးဌာနမှအစီအစဉ်နှင့်မွန်းမံပြင်ဆင်ပေးခြင်းဖြင့်လည်းကောင်း သောင်တူးစက်များနှင့်   သောင်ခုတ်ပေးခြင်းဖြင့်လည်းကောင်း၊သဘာဝတရားက မြစ်ကြောင်းများ ပြောင်းလဲစေခဲ့လျှင်လည်းကောင်း၊   မြေငလျှင်လှုပ်ခြင်းအားဖြင့် ရေကြောင်းများပြောင်းလဲ၍သော်လည်းကောင်း၊ ပထ၀ီဘာသာဝင် သဘောတရား နှင့်ဘူမိရုပ်သွင်အနေအထားအရ မြစ်သူငယ်ပြန်ခြင်းဖြစ်စဉ်(Rejuvenation) ဖြစ်ပေါ်လာ
မည်ဆိုပါက မြစ် ပြန်လည်ရှင်သန် လာနိုင်ပြီး ရေစီးရေလာကောင်းမွန်လာနိုင်ကြောင်း အငြိမ်းစားပါမောက္ခ ဒေါက်တာစိန်စိန်သိန်း က အကြံပြုပြောဆိုသည်။
 
မြစ်တို့ရဲ့သဘောအရပျမ်းမျှ(၁၈)ရက်ကနေ(၂၀)ရက်အတွင်း ရေအမြဲ ဖြည့်ပေးရလေ့ရှိတယ်။ ရေရရှိမှု
မရှိရင်   မြစ်ရဲ့ရေစီးရေလာ နှေးကွေးသွားပြီး မြစ်တိမ်ကောသွားသလို သောင်တွေထွန်းလာတာဖြစ်တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ ဂေဟဗေဒသဘောနဲ့ ကြည့်ရင်တော့ မြစ်တို့ရဲ့ သဘာဝမှာတစ်ဖက်က သောင်ထွန်းရင် တစ်ဖက်က ကမ်းပါးပြိုလေ့ရှိတယ်။ ဟု ပါမောက္ခဒေါက်တာစိန်စိန်သိန်း ကပြောသည်။
 
အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းမရှိပါက စွန့်ပစ်အမှိုက်များနှင့် နူန်းမြေတို့ စုပေါင်းပိတ်ဆို့ကာ ရေစီးရေလာအတွက် ကြီးမားသော အနှောက်အယှက် ဖြစ်ပေါ်၍ မြစ်ချောင်းများပျောက်ကွယ်သွားနိုင်သည်ဟု  ပညာရှင်တို့က သုံးသပ်ကြသည်။
 
ရေစီးရေလာနှေးကွေးကာ မြစ်ကြောင်းများ ပျောက်ကွယ်သွားသည့်နေရာများ၌ စိုက်ပျိုးရန်မြေနှင့် လယ်ယာများ ပေါ်ပေါက်လာကြောင်း ဒေသခံတောင်သူများထံက သိရသည်။

မိုးမြင့်ကျော်(မြစ်မခ)

No comments:

Post a Comment