Friday, April 26, 2013

လုံခြုံရေးတပ်ဖွဲ့ ရုပ်သိမ်းပြီးနောက် အီရတ်မြို့တစ်မြို့ကို လက်နက်ကိုင် စစ်သွေးကြွများ ထိန်းချုပ်


လုံခြုံရေးတပ်ဖွဲ့နှင့် တစ်ရက်တာ ပဋိပက္ခဖြစ်ပွားပြီးနောက် ဧပြီ ၂၄ ရက် ညနေတွင် အီရတ်နိုင်ငံ မြောက်ပိုင်း မြို့တစ်မြို့ကို စစ်သွေးကြွများက ထိန်းချုပ်ထားခဲ့သည်ဟု အီရတ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အီရတ်လုံခြုံရေး တပ်ဖွဲ့သည် ဘဂ္ဂဒက်မြို့မြောက်ပိုင်း ၁၇ဝ ကီလိုမီတာ အကွာရှိ ဆူလိုင်မန်ဘက်ခ်မြို့မှ လုံးဝ တပ်ရုပ်သိမ်းသွားခဲ့သည်ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ ရဟတ်ယာဉ်များဖြင့် ထောက်ကူပေးနေသော အီရတ် လုံခြုံရေးတပ်ဖွဲ့သည် အဆိုပါမြို့ကို ဧပြီ ၂၃ ရက် အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းပဋိပက္ခအတွင်း၌ လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး လူဆယ်ဂဏန်းကျော်မျှ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ညပိုင်းတွင် အဆိုပါမြို့ကို စစ်သွေးကြွများက သိမ်းယူခဲ့သည်ဟု သိရှိရသည်။ နံနက်အရုဏ်ဦး အချိန်ကတည်းက လုံခြုံရေးတပ်ဖွဲ့သည် ယင်းမြို့ကို သိမ်းယူရန် တိုက်ပွဲများ ဆက်လက် ဆင်နွှဲခဲ့ရာ မိမိတို့တွင် သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူ ရှိသည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါမြို့မှ စစ်သွေးကြွများကို ရှင်းလင်းဖယ်ထုတ်နိုင်ရန် စစ်ဘက်တပ်ဖွဲ့ကို ကျောထောက်နောက်ခံ ပံ့ပိုးပေးသည့် အနေဖြင့် ရဟတ်ယာဉ်များဖြင့် မြို့လယ်သို့ ဗုံးကြဲချခဲ့သည်ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။ တိုက်ပွဲပြင်းထန်သဖြင့် ဒေသခံ မိသားစုများကို မြို့မှ ထွက်ခွာကြရန် တိုက်တွန်းခဲ့သည်ဟု ၄င်းက ပြောဆိုခဲ့သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment