Wednesday, May 1, 2013
စာချုပ်သစ် လက်မှတ်မရေးထိုးမီ အနာဂတ်နှင့် ပတ်သက်ပြီး ဖာဂူဆန်နှင့် ဆွေးနွေးရန် ရွန်နီလိုလား
မန်ချက်စတာ ယူနိုက်တက်နှင့် စာချုပ်သစ် ချုပ်ဆိုခြင်း မပြုမီ အသင်းက ၎င်း၏ အနာဂတ်အပေါ် မည်သို့ သဘောထားကြောင်း ဆွေးနွေးသွားရန် ဝိန်းရွန်နီက စီစဉ်နေကြောင်း သိရှိရသည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် အနာဂတ်နှင့် ပတ်သက်ပြီး မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်နှင့် တိုက်ရိုက် ဆက်သွယ် စကားပြောရန် ဆန္ဒရှိနေကြောင်း သတင်းများက ဆိုသည်။ မန်ယူအသင်းတွင် ရွန်နီ အပါအဝင် တိုက်စစ်မှူးကောင်း (၄)ဦးထိ ရှိနေသော်လည်း ဖာဂူဆန်၏ နွေရာသီ အဝယ်စာရင်းတွင် ရောဘတ် လီဝင်ဒေါစကီးနှင့် ရာဒါမယ်လ် ဖယ်လ်ကာအိုတို့ ပါဝင်နေရာ ရွန်နီ၏ အလားအလာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် နွေရာသီတွင် စာချုပ်သစ် တစ်ခုကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခြင်း မပြုမီ ရွန်နီ အနေဖြင့် ၎င်း၏ ကဏ္ဍအတွက် ဖာဂူဆန်ထံမှ အာမခံချက် တစ်ခု ရရှိရန် လိုလားနေခြင်း ဖြစ်သည်။
ယခုအခါ မန်ယူအသင်းတွင် ရော်ဘင်ဗန်ပါစီသည် ပထမဦးစားပေး တိုက်စစ်မှူး ဖြစ်လာသည့်နောက် အခြား တိုက်စစ်သမား တစ်ဦးကိုသာ အင်္ဂလန်ချန်ပီယံ အသင်းက ဝယ်ယူဖြစ်ပါက ရွန်နီ၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ အနေအထားသို့ ဦးတည်လာဖွယ် ရှိသည်။ လတ်တလောတွင်မူ မန်ယူသည် တစ်ပတ် ပေါင်စတာလင် (၂၅၀၀၀၀) ရရှိနေသည့် ရွန်နီ၏ စာချုပ်ကို သက်တမ်းတိုးရန် ဆွေးနွေးလျှက် ရှိနေသည်။ ရွန်နီသည် ယခုရာသီ မန်ယူအသင်းတွင် အရန်ခုံ၌ ထိုင်ရသော ပွဲစဉ်အချို့ ရှိခဲ့သလို ကွင်းလယ်တွင် ဆင်းကစားရသည့် အခြေအနေများလည်း ကြုံခဲ့သည်။
အကယ်၍ မန်ယူက ဖယ်လ်ကာအိုနှင့် လီဝင်ဒေါစကီးတို့အနက် တစ်ဦးဦးကိုသာ ဝယ်ယူဖြစ်ခဲ့ပါက ရွန်နီအတွက် တိုက်စစ်မြားဦးနေရာ ကစားခွင့် တစ်စထက်တစ်စ ပိုမို လျော့နည်းလာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment