Sunday, June 30, 2013

ပွဲထွက် နေရာအတွက် လီဗာပူးလ်သို့ ပြောင်းလာခြင်းဟု မစ်ဂ်နိုလတ် ပြောကြား


လီဗာပူးလ် ဂိုးသမားသစ် ဆိုင်မွန် မစ်ဂ်နိုလတ်က ၎င်းသည် အန်းဖီးလ်၏ နံပါတ်(၁) ဦးစားပေး ဂိုးသမား နေရာအတွက် အခွင့်အလမ်း သာလိမ့်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည့်နောက် ပီပီရေနာ၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
ဘယ်လ်ဂျီယံ လက်ရွေးစင် ဂိုးသမားသည် ပေါင်စတာလင် (၁၀)သန်းဝန်းကျင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ဆန်းဒါးလန်း အသင်းမှ ကူးပြောင်းလာခဲ့သည်။ ၎င်းရောက်ရှိလာချိန်တွင် လီဗာပူးလ်၏ သက်တော်ရှည် ဂိုးသမား ရေနာ၏ အနေအထားမှာ ယိမ်းယိုင်လာပြီဟု ခန့်မှန်းချက်များ ထွက်ပေါ်နေချိန်တွင် မစ်ဂ်နိုလတ် ကိုယ်တိုင်က မိမိသည် အရန်ကစားသမား မဟုတ်ဟု ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။ "ဒီကိုပြောင်းလာတာ ကျွန်တော် အရန်ခုံပေါ်မှာ ထိုင်နေဖို့ မဟုတ်ပါဘူး"ဟု မစ်ဂ်နိုလတ်က ဆိုသည်။
၎င်းက "ကျွန်တော် စာချုပ် လက်မှတ်မထိုးခင်က မန်နေဂျာ ဘရန်ဒန် ရော့ဂျာနဲ့ စကားပြောဖြစ်ပါတယ်။ ရလဒ်ကတော့ အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ပွဲထွက်ခွင့်တွေ ရစေမယ်လို့ အာမခံခဲ့တယ်။ ကျွန်တော့် စိတ်ကူးကတော့ ရှင်းပါတယ်။ ကျွန်တော် ကစားချင်တယ်။ ကျွန်တော့် အဆင့်ကို ပြီးခဲ့တဲ့ ရာသီက ဆန်းဒါးလန်းမှာ ပြသပြီးပြီ။ ခုချိန်မှာ ပိုကောင်းလာအောင် လက်တွေ့ ပြဖို့ပဲ ကြိုးစားရမယ်။ ဆန်းဒါးလန်းကနေ လီဗာပူးလ်ကို ပြောင်းလာတာဟာ စွန့်စားရာ ကျမယ်မှန်း သိပါတယ်။ ဒီမှာက ကျွန်တော့် နေရာအတွက် အလေးအနက် တိုက်ပွဲ ဝင်ရမယ်လေ။ ဒါပေမဲ့ စိန်ခေါ်မှုတွေကို ကျွန်တော် မကြောက်ပါဘူး။ ဒါကို ဆင့်ထရိုင်ဒန်ကနေ ဆန်းဒါးလန်းထိ ကျွန်တော် ပြောင်းရွှေ့ ကစားလာတဲ့ အသင်းတိုင်းမှာ ပြသခဲ့ပြီးပါပြီ" ဟုလည်း ပြောကြားခဲ့သည်။
စပိန် လက်ရွေးစင် ဂိုးသမား ရေနာသည် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။ ဘာစီလိုနာသည် အသင်းမှ ထွက်ခွာမည်ဟု ကြေညာထားသည့် ဗစ်တာဗဲလ်ဒက်စ် နေရာတွင် အစားထိုးရန် ရေနာကို စိတ်ဝင်စားလျှက်ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment