Tuesday, June 11, 2013
မော်ရင်ဟိုသည် စပိန်ဘောလုံးလောက၏ ပုံရိပ်ကို ထိခိုက်စေသူဟု အင်နီယေစတာစွပ်စွဲ
ဟိုဆေး မော်ရင်ဟိုသည် စပိန်ဘောလုံးလောက၏ ပုံရိပ်ကို ထိခိုက်စေခဲ့သူ တစ်ဦးဖြစ်ကြောင်း ဘာစီလိုနာ ကွင်းလယ်လူ အန်းဒရက်စ် အင်နီယေစတာက စွပ်စွဲလိုက်သည်။
ရီးယဲလ်မက်ဒရစ် နည်းပြအဖြစ်မှ နုတ်ထွက်ပြီး ချယ်လ်ဆီးသို့ ပြောင်းရွှေ့သွားသည့် ပေါ်တူဂီသားကို စပိန်လက်ရွေးစင် အင်နီယေစတာက ပြင်းပြင်းထန်ထန် ဝေဖန် ပုတ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။ မော်ရင်ဟိုသည် ဘာစီလိုနာ မဟာပြိုင်ဘက် အသင်းကြီးတွင် (၃)နှစ်ကြာ အချိန်ကုန်ပြီးနောက် ၎င်းတစ်ချိန်က ကျင်လည်ဖူးသည့် ချယ်လ်ဆီးသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ အသက်(၂၉)နှစ်ရှိ အင်နီယေစတာက မော်ရင်ဟိုခေတ်တွင် စပိန်ဘောလုံးလောက၏ ဂုဏ်ရှိန်သည် ထိခိုက် နစ်နာမှုများ ရှိခဲ့ကြောင်း ဝေဖန်ခဲ့သည်။
အင်နီယေစတာက "အချက်အလက်တွေကို ပြန်ကြည့်ဖို့ လိုတယ်။ ဟုတ်တယ်။ မော်ရင်ဟိုဟာ စပိန် ဘောလုံးလောကကို ထိခိုက်စေခဲ့သူပါ။ ခြုံကြည့်ရင် အကောင်းထက် အဆိုးပိုဖြစ်စေခဲ့တယ်။ ဒါပေမဲ့ လူတစ်ယောက်အကြောင်း ကျွန်တော် မြိန်ရည်ယှက်ရည် ပြောမနေချင်ဘူး။ ကဲ၊ ဒီတော့ ကျွန်တော်တို့ ဒီအကြောင်း ဆက်မပြောကြတာ ကောင်းပါတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟိုကမူ အင်နီယေစတာအား ၎င်းတို့ အသင်းသည် လီယွန်နယ်မက်ဆီ မရှိလျှင် ဘာမျှ အဖြစ်မရှိသည့် အသင်းဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
"အင်နီယေစတာက သူထင်ချင်တာ ထင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ မက်ဆီမရှိရင် သူ့အသင်းဆိုတာ လုံးဝ ကွဲပြားတဲ့ အခြေအနေ တစ်ခုဖြစ်သွားတယ် ဆိုတာရယ်၊ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာရယ်ကိုတော့ သေချာ တွေးစေချင်တယ်"ဟု မော်ရင်ဟိုက ဆိုသည်။ မော်ရင်ဟိုကို အင်နီယေစတာ မတိုင်မီက ဘာစီလိုနာ ကစားသမားများဖြစ်သည့် ရှာဗီဟာနန်ဒက်ဇ်နှင့် ဂျရတ်ပီကေးတို့ကလည်း ဝေဖန်ခဲ့ဖူးသည်။
Ref: Goal
soccer myanmar

No comments:
Post a Comment