Wednesday, June 12, 2013
မက္ကဆီကိုနိုင်ငံတောင်ပိုင်း၌ ထောင်ဖောက်မှုဖြစ်ပွား
မက္ကဆီကိုနိုင်ငံ တောင်ပိုင်း၌ ထောင်ဖောက်မှု တစ်ခုဖြစ်ပွားမှုကြောင့် အနည်းဆုံး ထောင်စောင့်နှစ်ဦး သေဆုံးပြီး အကျဉ်းသားကိုးဦး လွတ်မြောက်သွားခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများ၏ ပြောကြားချက်ကို ဇွန် ၉ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လက်နက်ကိုင် အုပ်စုတစ်စုကအဆိုပါ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့မှုကြောင့် ထောင်မှူးတစ်ဦးနှင့် အကျဉ်းသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ယင်းတိုက်ခိုက်မှုသည် မက္ကဆီကိုနိုင်ငံ အနောက်တောင်ပိုင်း ဂွါရီရိုပြည်နယ် လာယူနီယံမြို့တွင်ဇွန် ၉ ရက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ဘက် အကြမ်းဖက်ဂိုဏ်းများမှ အချုပ်ခံထားရသည့် အကျဉ်းသားများ ပြည့်နှက်နေသော မက္ကဆီကိုရှိ အကျဉ်းထောင်များတွင် ထိုကဲ့သို့ ထောင်ဖောက်မှုများ ဖြစ်ပေါ်နေကျဖြစ်ကြောင်း သတင်းထောက်များက ပြောကြားသည်။ လက်နက်များ ကိုင်ဆောင်ထားသော သေနတ်သမားအုပ်စုသည် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က အဆိုပါ အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်သဖြင့် ၄င်းအစောင့်နှစ်ဦး သေဆုံးပြီး အကျဉ်းသားများ လွတ်မြောက်သွား ခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့လုံခြုံရေး ဌာနက ပြောကြားခဲ့သည်။ လွတ်မြောက်သွားသည့် အကျဉ်းသားများကို ရှာဖွေရန်အတွက် ဗဟိုအစိုးရနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့က ရဟတ်ယာဉ်များကို အသုံးပြုလျက်ရှိကြောင်း ယင်းဌာန၏ ပြောကြားချက်အရ သိရသည်။ ဂွါရီရိုပြည်နယ်သည် မူးယစ်ဆေးဝါး လုပ်ငန်းများကို တိုက်ဖျက်နေသည့် အစိုးရတပ်ဖွဲ့နှင့် ရာဇဝတ် အုပ်စုများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားသည့် ပြည်နယ်များအနက်မှ တစ်ခုဖြစ်သည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ပြည်သူပေါင်း ၇ဝဝဝဝ ခန့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။
(ဘီဘီစီ)
khitlunge

No comments:
Post a Comment