Wednesday, June 12, 2013

တောရက်စ်ထံမှ အရည်အသွေးကောင်းများကို ထုတ်ယူ သုံးစွဲသွားနိုင်ရန် မော်ရင်ဟို မျှော်လင့်


ဖာနန်ဒို တောရက်စ်ကို ဖယ်ရှား သွားရန်ထက် ၎င်းထံမှ အကောင်းဆုံး အရည်အသွေး များကို ထုတ်နုတ် သုံးစွဲ သွားနိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဟိုဆေးမော်ရင်ဟိုက ပြောကြားခဲ့သည်။
တောရက်စ်သည် မော်ရင်ဟို ချယ်လ်ဆီးသို့ တစ်ကျော့ပြန် ရောက်ရှိလာချိန်တွင် ရောင်းထုတ်ခံရမည်ဟု သတင်းကြီးနေပြီး လတ်တလောတွင်လည်း ချယ်လ်ဆီးအနေဖြင့် ဈေးကွက်ထဲ၌ တိုက်စစ်မှူးသစ်များကို လိုက်လံ ချိတ်ဆက်လျှက် ရှိသည်။ သို့သော်လည်း မော်ရင်ဟိုက ယခုနွေရာသီတွင် ချယ်လ်ဆီး လူစာရင်းကို အထင်ကရ ပြောင်းလဲမှုများ ပြုလုပ်ဦးမည် မဟုတ်ကြောင်း ပြောဆိုခဲ့သလို တောရက်စ်ကိုလည်း အခွင့်အရေး ပေးသွားမည်ဟု ဆိုသည်။ တောရက်စ်သည် ယခုနွေရာသီတွင် ကလပ်အသင်း အချို့၏ ပစ်မှတ်ထား ခေါ်ယူရန် ကြိုးပမ်းခြင်းကို ခံရဖွယ် ရှိနေသည်။
မော်ရင်ဟိုက "တောရက်စ်ဟာ ချယ်လ်ဆီးမှာ နေပျော်တယ်ဆိုတဲ့ အဆင့်ထက် ပိုပြီး ကျေနပ်နေတာပါ။ ပြီးတော့ အလုပ်လည်း အင်မတန် ကြိုးစားတယ်။ တောရက်စ် ဆက်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အကောင်းဆုံး ဖြစ်လာမှာလား။ ကဲ၊ သူ့ကို ဝိုင်းကူညီပေးကြရအောင်။ ပြီးတော့ သူ့ဆီက အကောင်းဆုံးတွေ ရလာအောင်လည်း ကြိုးစားကြတာပေါ့"ဟု ပြောကြားသွားသည်။ မော်ရင်ဟိုက မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ခေါ်ယူနိုင်ရန် ဆိုခြင်းသည် လက်တွေ့ မကျနိုင်ကြောင်းလည်း ဆိုသည်။
"ကိစ္စတချို့ကို ကျွန်တော် သင်ယူနိုင်ခဲ့တယ်။ အဲဒီထဲမှာ တခြားအသင်းက ကစားသမားတွေအကြောင်း မှတ်ချက်မပေးသင့်ဘူး ဆိုတာလည်း ပါတယ်။ အခွင့်အရေး မရှိလောက်ပါဘူး။ ရွန်နီဟာ အကောင်းဆုံး အသက်အရွယ်မှာ ရှိနေတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ကြီးမားတဲ့ အတွေ့အကြုံနဲ့ ရင့်ကျက်မှုကို ပိုင်ဆိုင်နေပြီ။ သူ့အသက်က ငယ်ရွယ်တယ်လို့ ပြောနိုင်သေးတယ်။ ဘာတွေ ဖြစ်လာမယ် ဆိုတာက သူနဲ့လည်း ဆိုင်တယ်။ သူဘာလိုချင်လဲ၊ ဘာက သူ့ကို ပျော်ရွှင်စေမလဲ ဆိုတာရောပေါ့။ သူ့စာချုပ်ထဲက ငွေသားတစ်ပေါင်လောက်၊ ဒါမှမဟုတ် ဆုဖလား တစ်လုံးလောက်က သူ့အတွက် ကွဲပြားခြားနားမှု ဖြစ်နိုင်မလား။ ပျော်အောင်နေပေါ့။ သူဘယ်မှာ ပျော်ရွှင်မှာလဲ။ ဘယ်လိုနေရာမှာ သူ့အတွက် ပျော်ရွှင်မှု ပိုရှိပြီး သူ့ရည်ရွယ်ချက်တွေအတွက် မောင်းနှင်နိုင်မလဲ။ လူတစ်ယောက် အနေနဲ့ ရွန်နီကို ကျွန်တော် သဘောကျပါတယ်။ သူအဆင်ပြေပါစေ၊ ပျော်ပါစေလို့ ကျွန်တော် ဆန္ဒပြုပေးပါတယ်"ဟု မော်ရင်ဟိုက ပြောဆိုသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment