Wednesday, June 5, 2013

ဖာဒီနန်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်ပွဲ ကစားရန် မန်ချက်စတာ ယူနိုက်တက် စီစဉ်


အသင်း၏ ဝါရင့် ခံစစ်မှူးကြီး ရီယို ဖာဒီနန်ကို ဂုဏ်ပြုသည့် အနေဖြင့် အထိမ်းအမှတ် ပွဲစဉ်တစ်ခု ကစားရန် စီစဉ်ထားကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းက အတည်ပြု ကြေညာခဲ့သည်။
ဩဂုတ်လ (၉)ရက်နေ့တွင် သက်တော်ရှည် အမှုတော်ထမ်း အင်္ဂလန် နောက်ခံလူအတွက် ဂုဏ်ပြုပွဲအဖြစ် စပိန်ကလပ် ဆီဗီးလားကို အိုးလ်ထရက်ဖို့ဒ်သို့ ဖိတ်ခေါ် ကစားမည်ဟု အင်္ဂလန် ချန်ပီယံ အသင်းက ဆိုသည်။ ထိုပွဲစဉ်သည် ဝီဂန်နှင့် ကွန်မြူနတီဒိုင်း မကစားမီ (၂)ရက် အလိုတွင် စီစဉ်ထားခြင်း ဖြစ်သည်။ အသက်(၃၄)နှစ်ရှိ ဖာဒီနန်သည် မကြာသေးမီကမှ ယူနိုက်တက်နှင့် (၁)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။ ၎င်းသည် ယခုအခါ မန်နေဂျာ ရာထူးမှ အနား ယူသွားပြီဖြစ်သော ဆာအဲလက်စ် ဖာဂူဆန် လက်အောက်တွင် ယူနိုက်တက် ဂျာစီကို (၁၁)ရာသီ ဝတ်ဆင်ခဲ့ပြီး ဖြစ်သည်။
"ကျွန်တော့် အတွက်တော့ ခမ်းနားတဲ့၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ညချမ်းတစ်ခု ဖြစ်လိမ့်မယ်" ဟု ဖာဒီနန်က ဆိုသည်။ "ယူနိုက်တက်လို အသင်းမှာ (၁၀)နှစ်ကျော်လောက် ဖြတ်သန်းခဲ့ရတာကို မယုံနိုင်လောက်အောင်ပဲ။ ကျွန်တော့် အနေနဲ့လည်း ယူနိုက်တက်မှာ ကြာကြာ နေခွင့်ရတာဟာ ကံကောင်းမှု တစ်ခုလို့ ခံစားမိတယ်။ ဒီအသင်းဟာ အဘက်ဘက်မှာ ပြိုင်ဘက်ကင်း အခြေအနေမျိုးပါ။ ရာဇဝင်ကြောင်းကလည်း ခမ်းနားလွန်းတယ်။ ဒီမှာက လူတိုင်း အောင်မြင်မှုကို လိုချင်တယ်။ ပရိသတ်ကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ ကျွန်တော့် ကစားသမား ဘဝ တစ်လျှောက်လုံးမှာ သူတို့တွေ ထောက်ပံ့ အားပေးခဲ့တာကို အမြဲတမ်း အမှတ်ရနေမှာပါ။ အဲဒီညကတော့ ပျော်စရာ ကောင်းပါလိမ့်မယ်" ဟု ဖာဒီနန်က ပြောကြားခဲ့သည်။
၎င်းသည် (၂၀၀၂)ခုနှစ်က လိဒ်စ်ယူနိုက်တက် အသင်းမှ ပေါင်စတာလင် (၂၉)သန်းဖြင့် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းလာခဲ့သည်။ ဖာဒီနန်သည် ယူနိုက်တက် ကစားသမားဘဝတွင် (၄၃၂)ကြိမ် ကစားခဲ့ပြီးဖြစ်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆု (၆)ကြိမ်နှင့် ချန်ပီယံလိဂ် ဆုဖလား(၁)ကြိမ် အပါအဝင် အောင်မြင်မှုများစွာ ရယူ ထားနိုင်ခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment