Friday, June 7, 2013
နီပေါနိုင်ငံ၌ ပတ်ဝန်းကျင်ညစ်ညမ်းမှု ယာဉ်ထိန်းရဲများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အား ဇွန် ၅ ရက်က ကျင်းပခဲ့ရာ နီပေါနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၏ နေ့စဉ်ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို ပြည်သူများအား သတိထားမိစေခဲ့ကြောင်း၊ ယင်းမှာ လမ်းပေါ်တွင် မောင်းနှင်နေသော ယာဉ်များကြောင့် ဖြစ်ပေါ်သော ဖုန်ထူခြင်း၊ လေထုညစ်ညမ်းခြင်းတို့ကြောင့် အမျိုးမျိုးသော ရောဂါများခံစားနေရသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အရေအတွက်မှာ တစ်နေ့တခြား များပြားလာနေ၍ဖြစ်ကြောင်း နီပေါနိုင်ငံ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ပြောကြားသည်။ အဆိုပါ အမျိုးမျိုးသော ရောဂါများနှင့်အတူ နာမကျန်းဖြစ်သည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ အရေအတွက် များပြားလာခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးခိုးငွေ့များ၊ ဖုန်မှုန့်များ၊ အသံဆူညံမှုနှင့် လေထုညစ်ညမ်းမှုတို့ကြောင့် ဖြစ်သည်ဟု အစီရင်ခံစာ၌ ရေးသားထားသည်။ ၄င်းအခြင်းအရာများသည် နီပေါနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု ဆိုထားသည်။ ၄င်းရဲတပ်ဖွဲ့ဝင်များသည် ပန်းနာရောဂါ၊ အရိုးနှင့်ဆိုင်သော ရောဂါများ၊ ရင်ဘတ်ပိုင်း၊ လည်ချောင်းပိုင်း ပြဿနာများ၊ နား၊ မျက်စိနှင့် အခြားသော ရောဂါဝေဒနာများ ခံစားနေကြရသည်ကို တွေ့ရသည်။ ခတ္တမန္ဒူ တောင်ကြားဒေသတွင် လမ်းပေါ်မောင်းနှင် ခရီးသွားယာဉ်များကြောင့် ဆူညံသံများကို ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အများဆုံး ခံစားရသည်။ နီပေါနိုင်ငံ ရဲတပ်ဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြီးခဲ့သည့် ဇွန် ၂ ရက်က ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့ရာ အများစုမှာ အရိုးနှင့် ဆိုင်သော ရောဂါများ ခံစားနေရသည်ဟု ဆိုသည်။ လမ်းပေါ်တွင် နာရီပေါင်းများစွာကြာအောင် မတ်တတ်ရပ်နေရသူ တပ်ဖွဲ့ဝင် ၃၅၅ ဦးအား ဆေးစစ်ခဲ့ရာ ၉၇ ဦးမှာ အရိုးနှင့် ဆက်စပ်သော ရောဂါများ ခံစားနေရပြီး ၇၆ ဦးမှာ လည်ချောင်းနှင့် ဆိုင်သော ရောဂါနှင့် ၅၁ ဦးတို့မှာ ရင်ဘတ်ပိုင်းနှင့် ဆိုင်သော ရောဂါများ ခံစားနေရသည်ဟု သိရသည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment