Friday, June 7, 2013
ဖာနန်ဒင်ဟိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားသည့် မန်စီးတီး
မန်ချက်စတာ စီးတီး အသင်းသည် ရှက်တာဒိုးနက်ခ် ကွင်းလယ်လူ ဖာနန်ဒင်ဟိုကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သိရှိရသည်။
ယူကရိန်း ကလပ်အသင်းအတွက် ခြေစွမ်းပြနေသည့် ဘရာဇီးလ် ကစားသမားအတွက် ပေါင်စတာလင် (၃၄)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ် ပေးချေရန် မန်စီးတီးက သဘောတူညီခဲ့သည်ဟု Sky Sportsက သုံးသပ် ဖော်ပြခဲ့သည်။ ဖာနန်ဒင်ဟိုသည် မန်ချက်စတာမြို့ရှိ ဆေးရုံတစ်ခုမှ ထွက်ခွာသွားသည့် ဓာတ်ပုံများကို မီဒီယာများက ဖော်ပြခဲ့သည့်နောက် အစ်တီဟတ်သို့ ပြောင်းရွှေ့ရေးအတွက် ဆေးစစ်မှုပင် ခံယူပြီးပြီဟု ယူဆစရာ ဖြစ်လာသည်။ အသက်(၂၈)နှစ်ရှိ ဖာနန်ဒင်ဟိုကို မန်နေဂျာဟောင်း ရောဘတ်တို မန်စီနီ လက်ထက်ကတည်းက မန်စီးတီးက ချိတ်ဆက်နေခဲ့သည်။
မန်စီးတီး မန်နေဂျာသစ်အဖြစ် တာဝန်ယူမည့် မန်နျူရယ်လ် ပယ်လီဂရီနီ ကိုယ်တိုင်ကလည်း ဖာနန်ဒင်ဟိုကို သဘောကျသဖြင့် အသင်းတာဝန်ရှိသူများအား လက်တွေ့ ခေါ်ယူနိုင်အောင် ကြိုးစားရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ မန်စီးတီးသည် နွေရာသီ ဈေးကွက် တရားဝင် မဖွင့်လှစ်မီမှာပင် ခြေသွက်လက်သွက် လှုပ်ရှားနေရာ ဆီဗီးလား တောင်ပံလူ ဂျီးဆက်စ်နာဗက်စ်မှာလည်း အင်္ဂလန်ကလပ်သို့ ပြောင်းရွှေ့လာရန် သဘောတူညီမှု ရရှိထားသည်။ ဖာနန်ဒင်ဟိုကို တော့တင်ဟမ် ဟော့စပါးနှင့် ချယ်လ်ဆီးတို့က ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။
ရှက်တာအသင်းသည် ဖာနန်ဒင်ဟို၏ စာချုပ်ပါ သတ်မှတ် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် (၄၂.၅)သန်း သတ်မှတ်ထားပြီး နောက်ဆုံးတွင် ပေါင်စတာလင် (၃၄)သန်း ဝန်းကျင်ဖြင့် ဈေးတည့်ခဲ့ခြင်းဟု သတင်းများက ဖော်ပြသွားသည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment