Wednesday, June 12, 2013

စကာတယ်လ်၏ အနာဂတ် အတွက် လီဗာပူးလ်နှင့် ဆွေးနွေးရန် အေးဂျင့်စီစဉ်


မာတင်စကာတယ်လ်၏ အနာဂတ်နှင့် ပတ်သက်ပြီး လီဗာပူးလ်နှင့် ဆွေးနွေးသွားရန် ၎င်း၏ အေးဂျင့်က စီစဉ်နေကြောင်း သိရှိရသည်။
ဆလိုဗက်ကီးယား လက်ရွေးစင် ဗဟို ခံစစ်သမားနှင့် ပတ်သက်ပြီး ထင်ကြေး အမျိုးမျိုး ထွက်ပေါ်နေသည့်နောက် အန်းဖီးလ်တွင် ကစားသမား၏ အနာဂတ်နှင့် ပတ်သက်၍ တိကျသော အဖြေတစ်ခု ရရှိရန် အေးဂျင့်က လုပ်ဆောင်သွားမည် ဖြစ်သည်။ စကာတယ်လ်ကို အီတလီ စီးရီးအေ ကလပ်အသင်း နာပိုလီက စိတ်ဝင်စားလျှက် ရှိသည်။ နာပိုလီ အသင်း၏ နည်းပြဖြစ်သူ ရာဖာ ဘင်နီတက်ဇ်သည် (၂၀၀၈)ခုနှစ်က လီဗာပူးလ် မန်နေဂျာ ဘဝဖြင့် စကာတယ်လ်ကို ခေါ်ယူခဲ့သူ ဖြစ်သည်။
နာပိုလီကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် စီစဉ်နေသော ဘင်နီတက်ဇ်သည် အသက်(၂၈)နှစ်ရှိ ကစားသမားနှင့် လီဗာပူးလ်တို့၏ အလားအလာကို စောင့်ကြည့်နေသည်။ လီဗာပူးလ်သည် ယခုအခါ ကစားသမားဘဝမှ အနားယူသွားပြီဖြစ်သည့် ဂျင်မီကာရေဂါကို ရာသီနှောင်း ကာလများတွင် တောက်လျှောက် နေရာပေးလာသည့်နောက် စကာတယ်လ်၏ ပွဲထွက်ခွင့် နေရာအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ စကာတယ်လ်၏ အေးဂျင့် ကာရိုလ် ဆွန်တိုက "နာပိုလီနဲ့ လီဗာပူးလ်ကြား ဘာဆက်သွယ်မှုမှ မရှိသေးပါဘူး။ စကာတယ်လ်ဟာ လီဗာပူးလ်နဲ့ စာချုပ်ထားဆဲပါ။ ဒီအချက်က အရေးကြီးသလို ကျွန်တော်တို့ဘက်ကလည်း တန်ဖိုးထားပါတယ်"ဟု ပြောကြားခဲ့သည်။
၎င်းက "စကာတယ်လ်အကြောင်း နာပိုလီဘက်က ကောင်းကောင်း သိတယ်။ တကယ်လို့ သူတို့က လီဗာပူးလ်ကို ဆက်သွယ်ပြီး သဘောတူညီမှု တစ်ခုခု မရမချင်း ကျွန်တော်တို့နဲ့ ဆက်သွယ်ခွင့်လည်း မရှိပါဘူး။ နောက်ပြီး ကျွန်တော် နောက်တစ်ပတ်ဆို အင်္ဂလန်သွားပါမယ်။ စကာတယ်လ်ရဲ့ အနာဂတ်အတွက် တိတိကျကျ သိရဖို့ အသင်းနဲ့လည်း ဆွေးနွေးမှာပါ"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment