Thursday, June 6, 2013

ဆွာရက်ဇ်ကို ရီးယဲလ်နှင့်အပြိုင် ကမ်းလှမ်းရန် ဘိုင်ယန်စိတ်ဝင်စားနေ


ဂျာမန်နှင့် ဥရောပ ချန်ပီယံ ကလပ်အသင်းသည် ဆွာရက်ဇ်ကို ကမ်းလှမ်းရန်အတွက် အသင်းမှ ထွက်ခွာဖွယ် ရှိနေသော တောင်ပံလူ အာယန်ရော်ဘန်ကို အလိုက်ပေးသွားရန် စီစဉ်ထားကြောင်း သတင်းများက ဆိုသည်။ ယခုရာသီ အဓိက ဆုဖလား(၃)လုံးကို တစ်ပြိုင်နက် သိမ်းကျုံး ရယူခဲ့သော ဘိုင်ယန်သည် အင်္ဂလန် မီဒီယာများကြောင့် ပရီးမီးယားလိဂ်ကို ကျောခိုင်းလိုကြောင်း ဖွင့်ဟထားသည့် ဆွာရက်ဇ်၏ အနေအထားကို အထူးတလည် စိတ်ဝင်စားနေသည်။ ဘိုင်ယန် နည်းပြသစ် ဂျိုးဆက် ဂွာဒီယိုလာသည် ဆွာရက်ဇ်၏ ကစားပုံကို နှစ်သက်သူ တစ်ဦးဖြစ်ရာ ၎င်းကို ခေါ်ယူရန် လိုလားလျှက် ရှိသည်။
ရော်ဘန်မှာမူ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သော်လည်း ဘိုင်ယန်သို့ မာရီယို ဂေါ့ဇီ ရောက်ရှိလာချိန်တွင် အသင်းမှ ထွက်ခွာရရန် အလားအလာ များနေသည်။ အဆိုပါ အနေအထားတွင် ရော်ဘန်ကို အလိုက်ပေးကာ ငွေသားတစ်ရပ် ထပ်ပေါင်းပြီး ဆွာရက်ဇ်အား ကမ်းလှမ်းသွားရန် ဘိုင်ယန်ဘက်က စီစဉ်နေခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ လတ်တလောတွင် ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း ဆွာရက်ဇ်ကို ခေါ်ယူလိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment