Thursday, June 27, 2013

ဇူလိုင်(၁)ရက်နေ့ထုတ် Time မဂ္ဂဇင်းအား ဖြန့်ဝေခွင့်ပိတ်ပင်

၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ထုတ်၊ တိုင်းမဂ္ဂဇင်း၊ အတွဲ(၁၈၂)၊အမှတ်(၁)အား မြန်မာနိုင်ငံအတွင်း၌   ဖြန့်ဝေခွင့်ပိတ်ပင်လိုက်ကြောင်း အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီကြေငြာချက်ထုတ်ပြန်သည်။
 
တိုင်းမဂ္ဂဇင်းပါ The Face of Buddhist Terror အား မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်းရောင်းချခြင်းဖြန့်ချိခြင်း လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန်ပါရှိသည်။
 
The Face of Buddhist Terror ဆောင်းပါးပါသည့် ဇူလိုင်(၁)ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းကိုသာ ဖြန့်ဝေခြင်း မပြုခိုင်းခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ထံက သိရသည်။
 
ဟုတ်ပါတယ် ကျွန်တော်တို့ အဲ့ဒီ issues တစ်ခုထဲအတွက်ပဲ ကြေငြာတာပါ၊ အရေးယူတာကတော့ ပြည်ထဲရေး အပိုင်းဖြစ်သွားပါပြီ။ ဟု ဦးရဲထွဋ်က ဆက်ပြောသည်။
 
၂၀၁၃၊ ဇွန်(၂၅)ရက်နေ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိရေးလုပ်ငန်းများကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေး၌ တိုင်းမဂ္ဂဇင်းအား လိုအပ်သလို အရေးယူရန် အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီအားမေတ္တာရပ်ခံရန် ဆုံးဖြတ်ပြီးနောက် ယခုကဲ့သို့ကြေငြာခဲ့ခြင်းဖြစ်သည်။
 
Time Magazine ပါ The Face of the Buddhist Terror ဆောင်းပါးကြောင့် ပြည်တွင်းရှိ ဘာသာပေါင်းစုံ အကြားနားလည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေပြီး မလိုလားအပ်သော ဘေးအန္တ ရာယ်များကျရောက်နိုင်သောကြောင့် အရေးပေါ်ကာလစီမံခန့်ခွဲရေးကော်မတီသို့ မေတ္တာရပ်ခံရခြင်းဖြစ်သည်ဟု ဦးရဲထွဋ်၏ ဖေစ့်ဘွတ်စာမျက်နှာ၌ ဖော်ပြထားသည်။
 
တိုင်မ်းကို ပိတ်တာ ဒီ issues တစ်ခုထဲဆိုရင်တော့ သဘောမတူစရာအကြောင်းမရှိဘူး ဒါကတော့ လုပ်သင့်ပါတယ်။ တခြား issues တွေ မပိတ်ဘူးဆိုတော့ ကောင်းတာပေါ့။ ဟု တိုင်းမဂ္ဂဇင်းအား လစဉ်ဖတ်ရှုသူတစ်ဦးက ပြောသည်။
 
ဇွန်(၂၄)ရက်နေ့က လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ တိုင်းမဂ္ဂဇင်းအားပိတ်ပင်ရန် အတွက် မဲပေးဆန္ဒထုတ်ဖော်သူ ငါးသောင်းရှိခဲ့သည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment