Friday, July 5, 2013

အာဆင်နယ် ပစ်မှတ် ဂရာနီရာကို ဆက်ထိန်း ထားနိုင်မည်ဟု လိုင်ယွန် ဥက္ကဋ္ဌ ယုံကြည်နေ


အိုလံပစ် လိုင်ယွန်အသင်း ဥက္ကဋ္ဌက အာဆင်နယ်အသင်း ချိတ်ဆက်နေသည့် ကွင်းလယ် ကစားသမား ကလီးမန့် ဂရာနီရာကို အသင်းတွင် ဆက်လက် ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
အသက်(၂၂)နှစ်ရှိ ကစားသမားက မိမိကို အာဆင်နယ်က ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းကို လိုင်ယွန်အသင်းက ပယ်ချခဲ့ကြောင်း မကြာသေးမီက ပြောကြားထားသည်။ ယခုအခါ အသင်းဥက္ကဋ္ဌ ဂျင်းမိုက်ကယ် အောလက်စ်က မိမိတို့သည် ဂရာနီရာကို စတေဒီဂါလန်း ကွင်းကြီးတွင် ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ဂရာနီရာကို သဘောကျကြောင်း ဝန်ခံဖူးပြီး အသင်းအနေဖြင့်လည်း ၎င်းကို အလေးအနက် ချဉ်းကပ်နေသည်ဟု ယုံကြည်ရသည်။
အောလက်စ်ကမူ "ကျွန်တော် အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ ဂရာနီရာဟာ လာမယ့်နှစ်မှာလည်း ကျွန်တော်တို့နဲ့အတူ ရှိနေပါလိမ့်မယ်"ဟု ဆိုသည်။ ၎င်းက "ကျွန်တော်တို့ အနေနဲ့ အသင်းက အရည်အသွေးမြင့် ကစားသမားတွေကို တတ်နိုင်သလောက် ထိန်းသိမ်းထားဖို့ ရည်ရွယ်ပါတယ်"ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။ ကလပ်အသင်းသည် လာမည့် တနင်္လာနေ့တွင် ဂရာနီရာနှင့် အနာဂတ်အတွက် ဆွေးနွေးမှု ပြုလုပ်ရန် ရည်ရွယ်ထားသည်။ ဂရာနီရာက "ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါမယ်။ ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး မေးလာရင် ဘာမှ မဖြေနိုင်သေးပါဘူး။ ကျွန်တော် ဥက္ကဋ္ဌနဲ့တော့ တွေ့ဖို့ ချိန်းထားတယ်။ နည်းပြရယ်၊ ကျွန်တော့် အေးဂျင့်တွေရယ်လည်း ပါမယ်။ အခြေအနေတွေကို ရှင်းရှင်းလင်းလင်းတော့ ဖြစ်သွားစေမယ် ထင်ပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။ 
Ref: Goal
soccer myanmar

No comments:

Post a Comment