Friday, July 5, 2013

ကာဗာနီကို ခေါ်ယူလိုကြောင်း PSGနည်းပြသစ် ဘလန့် အတည်ပြု


PSG အသင်း နည်းပြသစ် လောရင့်ဘလန့်က မိမိတို့ အသင်းသည် အီဒင်ဆန် ကာဗာနီကို ခေါ်ယူရန် လိုလားကြောင်း အတည်ပြု ပြောကြားလိုက်သည်။
ပြင်သစ်သား နည်းပြကြီးသည် လက်ရှိ ပြင်သစ်လီဂူး ချန်ပီယံ အသင်းကို ကာလို အန်ဆလော့တီ လက်ထဲမှ လွှဲယူခဲ့ပြီးနောက် အပြောင်းအလဲများ ပြုလုပ်ရန် စတင် စီစဉ်နေသည်။ PSGသည် နာပိုလီထံသို့ ပေါင်စတာလင် (၄၃)သန်းဖြင့် ကာဗာနီအတွက် ကမ်းလှမ်းထားလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့သည်လည်း အီတလီ စီးရီးအေ၏ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်ခဲ့သူ ဥရုဂွေး လက်ရွေးစင်အား အပြိုင်အဆိုင် ချိတ်ဆက်နေဆဲ ဖြစ်သည်။
နာပိုလီကမူ ကာဗာနီအား စာချုပ်ပါ သတ်မှတ် ဈေးနှုန်း အတိုင်း ပေါင်စတာလင် (၅၄)သန်း မရမချင်း ရောင်းထုတ်မည် မဟုတ်ဟု ပြောဆိုထားသည်။ ဘလန့်က "အသင်းကို ကာဗာနီ ရောက်လာမယ်ဆိုရင် ကျွန်တော် သိပ်ကို ဝမ်းသာ မိမှာပါ။ သူဟာ ကျွန်တော် နှစ်သက်တဲ့ ကစားသမားပါ။ တော်တော်များများလည်း ကြိုက်ကြပါလိမ့်မယ်။ နေပယ်လ်နဲ့ ဥရုဂွေးတို့မှာ ကျွန်တော် သူနဲ့ ခဏခဏ ဆုံဖူးတယ်။ တကယ်လို့ ပဲရစ်မြို့တော်မှာ သူလာပြီး ဘောလုံးကစားနေမယ် ဆိုရင်တော့ ကျွန်တော် အင်မတန် ပျော်နေမိပါလိမ့်မယ်"ဟု ဖွင့်ဟခဲ့သည်။
အင်္ဂလန် ကလပ် ချယ်လ်ဆီးသည်လည်း ကာဗာနီကို အလေးအနက် ချိတ်ဆက်နေရာ PSGနှင့် ချယ်လ်ဆီးတို့ကြား အဓိက အားပြိုင်မှုများ ဖြစ်ပေါ်လာဖွယ် ရှိနေသည်။ နာပိုလီကမူ မိမိတို့သည် သတ်မှတ်ဈေး မရသ၍ ကာဗာနီကို ရောင်းချရန် လုံးဝ စိတ်မကူးကြောင်း အခိုင်အမာ ပြောဆိုထားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment