Thursday, July 11, 2013

လီဗာပူးလ် ပစ်မှတ် ဟင်းနရစ်ခ်ကို ဒေါ့တ်မန် အပြီးသတ် ဝယ်ယူ


ဘိုရပ်ရှား ဒေါ့တ်မန် အသင်းသည် ရှက်တာဒိုးနက်ခ် ကွင်းလယ်လူ ဟင်းနရစ်ခ် မက်ကင်တာရန်းကို အပြီးသတ် ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
လီဗာပူးလ် အသင်းက အလေးအနက် စိတ်ဝင်စားမှု ပြသခဲ့သော်လည်း ဂျာမန် ဘွန်းဒစ်လီဂါ အသင်းကသာ အဆိုပါ အာမေးနီးယား လက်ရွေးစင် ကွင်းလယ် တိုက်စစ်သမားကို လက်တွေ့ ခေါ်ယူသွားခြင်း ဖြစ်သည်။ ဒေါ့တ်မန်သည် ဟင်းနရစ်ခ် အတွက် ပေါင်စတာလင် (၂၃.၇)သန်းမျှ ပြောင်းရွှေ့ကြေး ပေးချေခဲ့ရသည်။ အသက်(၂၄)နှစ်ရှိ ကစားသမားသည် ကွင်းလယ်လူ တစ်ဦးဖြစ်သည့်တိုင် ယူကရိန်း ကလပ်တွင် အဓိက ဂိုးသွင်းသူ အဖြစ်ပါ ခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဒေါ့တ်မန်သည် ၎င်းကို (၄)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။
ဒေါ့တ်မန်က မိမိတို့သည် ဟင်းနရစ်ခ်ကို စာချုပ် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေညာသည်။ အသင်းသို့ ဆော့ထရာတစ် ပါပါစတက်သိုပူးလော့စ်နှင့် ပီယေးအမ်မီရစ်ခ် အူဘာမီယန်းတို့ ရောက်ရှိပြီးနောက် ဟင်းနရစ်ခ်သည် ဒေါ့တ်မန်၏ တတိယမြောက် နွေရာသီ လူသစ်ခေါ်ယူမှုလည်း ဖြစ်လာသည်။ ဒေါ့တ်မန်၏ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က "တိုက်စစ်အားပြု ကွင်းလယ်လူ နေရာအတွက် ဟင်းနရစ်ခ်ကို အကောင်းဆုံး ခေါ်ယူအားဖြည့်မှု အနေနဲ့ အရခေါ်နိုင်ခဲ့တာကြောင့် ကျွန်တော်တို့ အရမ်း ဝမ်းသာ ကျေနပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။
ဒေါ့တ်မန် ဥက္ကဋ္ဌ ဟန်းစ်ဂျိုအာချင် ဝက်ဇ်ကီက "လွယ်ကူတဲ့ အပြောင်းအရွှေ့တော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဟင်းနရစ်ခ်ကို အရမ်းလိုချင်တယ်။ ခုတော့ လက်တွေ့ ဝယ်ယူနိုင်လာပြီ" ဟု ဆိုသည်။ ဟင်းနရစ်ခ်သည် ပြီးခဲ့သည့် ရာသီ ယူကရိန်းလိဂ်တွင် (၂၈)ပွဲ ကစားကာ (၂၅)ဂိုး သွင်းယူနိုင်ခဲ့သည်။ ဒေါ့တ်မန်သည် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားသည့် မာရီယို ဂေါ့ဇီ နေရာတွင် အကောင်းဆုံး အားဖြည့်မှု အဖြစ် ဟင်းနရစ်ခ်ကို အစားထိုး ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment