Tuesday, January 21, 2014

အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေမှု များပြားခဲ့သော ညောင်ချောင်းသာကမ်းခြေ ယခုနှစ်တွင် လာရောက်အပန်းဖြေသူ နည်းပါးနေ

ညောင်ချောင်းသာကမ်းခြေရှိ ဈေးဆိုင်ခန်းများနှင့် လာရောက်လည်ပတ်သူ အချို့ကို ဇန်န၀ါရီ ၁၇ ရက်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

၂၀၁၃ ခုနှစ်အတွင်း အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေမှု များပြားခဲ့သော ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ရှိ ညောင်ချောင်းသာကမ်းခြေမှာ ယခုနှစ်တွင် လာရောက်အပန်းဖြေသူ နည်းပါးလျက်ရှိကြောင်း ကမ်းခြေလုံခြုံရေး တာဝန်ကျရဲဝန်ထမ်းများထံမှ သိရှိရသည်။

“အရင်နှစ် ကမ်းခြေကိုလာတဲ့ လူဦးရေက တိုးလို့မပေါက်အောင်ကိုများတယ်။ သင်္ကြန်အတွင်းမှာပါ ဒီကမ်းခြေမှာ လာစည်နေတာ။ ကမ်းခြေမှာ ရေကူးမယ်ဆိုရင် အန္တရာယ်ရှိတဲ့နေရာကို မကူးဖို့ သတိပေးဝါးတားထားတဲ့နေရာ ရှိတယ်။ တားပေမဲ့ ကူးကြတဲ့ အခါကျတော့ ရေနစ်ပြီး သေဆုံးကြတဲ့ ဖြစ်စဉ်က အရင်နှစ်ကဆို ၁၀ ဦးအထက်မှာရှိတယ်” ဟု တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ညောင်ချောင်းသာ ကမ်းခြေမှာ ဧရာဝတီမြစ်ကော၍ သဲသောင်ထွန်းကာ ကမ်းခြေတစ်ခုအဖြစ်သို့ ဖြစ်လာခဲ့ကြောင်း သိရှိရပြီး ယခင်နှစ်အတွင်း လူအများအပြားဖြင့် စည်ကားခဲ့ကြောင်း သိရှိသည်။ ထိုသို့ လာရောက်အပန်းဖြေသူ များပြားသောနှစ်တွင် ရေနစ်သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေမှာ ၁၀ ဦးအထက်ရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သောကြောင့် ညောင်ချောင်းသာကမ်းခြေကို ရန်ကင်းသာကမ်းခြေအဖြစ် အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ပြီး ကမ်းခြေကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။

ကမ်းခြေတွင် အမှတ်တရ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များမှာ ယခင်ထက် ပိုမိုဖွင့်လှစ်ထားပြီး ရေပေါ်စားသောက်ဆိုင်မှာ ဆယ်ဆိုင်ထိရှိကာ လာရောက်အပန်းဖြေသူ နည်းပါးသဖြင့် အရောင်းအ၀ယ် အေးလျက်ရှိကြောင်း အမှတ်တရ အရောင်းဆိုင် ပိုင်ရှင်များထံမှ သိရသည်။

“အရင်နှစ် ဒီချိန်ဆိုရင် အပန်းဖြေတဲ့သူတွေ လာတာများလို့ ကမ်းခြေအစပ်မှာချထားတဲ့ နားနေခုံတွေတောင် မလောက်ဘူး။ အခုလအတွင်းကတော့ ကျောင်းပိတ်ရက်လောက်ပဲ လာကြပါတယ်” ဟု အမှတ်တရပစ္စည်းနှင့် အစားအသောက်များ ရောင်းချသည့် ဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

 
ဝေလင်းအောင်
EMG

No comments:

Post a Comment