Monday, January 27, 2014

မန်ချက်စတာယူနိုက်တက်သို့ ဂျူအန်မာတာ ပြောင်းရွှေ့မှု အပြီးသတ်အောင်မြင်


ချယ်ဆီးမှာ ဂျူအန်မာတာကို ခေါ်ယူမှု အပြီးသတ် အောင်မြင်ခဲ့ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းက အတည်ပြုခဲ့သည်။

စပိန် လက်ရွေးစင် ကစားသမားသည် ဗုဒ္ဓဟူးနေ့က ချယ်ဆီးအသင်း၏ လေ့ကျင့်ရေး အစီအစဉ်သို့ လာရောက်ခဲ့ခြင်း မရှိဘဲ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ၏ ပေါင် ၃၇.၁ သန်းဖြင့် ပြောင်းရွှေ့ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဟိုဆေးမော်ရင်ဟိုသည် အဆိုပါ စပိန် ကစားသမား၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်က စိတ်ဝင်စားနေသည့် ဘေဆယ် ကစားသမား မိုဟာမက်ဆာလားကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့သည်။

ယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ခြင်းအပေါ် မာတာက မိမိအနေဖြင့် လက်ရှိချန်ပီယံ အသင်းနှင့် ပူးပေါင်းရခြင်းကို ဝမ်းမြောက်မိကြောင်း၊ အိုးထရတ်ဖို့ဒ်သည် မိမိအတွက် အကောင်းဆုံး နေရာဖြစ်ကြောင်း ဆိုခဲ့သည်။

“ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ခြင်း အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် ချယ်ဆီးမှာ ပျော်ရွှင်ရတဲ့ နှစ်အချို့ ပိုင်ဆိုင်ခဲ့ပေမယ့် အခုအချိန်က စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့် အချိန်ပါ။ ယူနိုက်တက်က ကျွန်တော့်အတွက် အကောင်းဆုံး နေရာပါ။ အသင်းရဲ့ သမိုင်းမှာ ပါဝင်ခွင့်ရရှိတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” ဟု မာတာက ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ချယ်ဆီးကလည်း ထိပ်တန်းအသင်း တစ်သင်းပါ။ အဲ့ဒီမှာ ကျွန်တော့် သူငယ်ချင်းတွေ ရှိပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့ရမယ့် အခွင့်အရေးကို မငြင်းပယ်နိုင်ခဲ့ပါဘူး။ ကျွန်တော့် အနေနဲ့ မန်နေဂျာနဲ့ အသင်းကို လာမယ့်နှစ်တွေမှာ အောင်မြင်မှုရရှိအောင် ကြိုးပမ်း ကူညီသွားမှာပါ” ဟု မာတာက ပြောကြားသွားခဲ့သည်။

တစ်ဆက်တည်းမှာပင် အင်္ဂါနေ့တွင် အိုးထရတ်ဖို့ဒ်၌ ကာဒစ်ဖ်နှင့် ယှဉ်ပြိုင် ကစားရမည့် ပွဲစဉ်တွင် မာတာကို ပွဲဦးထွက် ကစားစေမည် ဖြစ်ကြောင်း ဒေးဗစ်မိုရက်စ်က အတည်ပြုခဲ့သည်။

“သူ့ကို မန်ချက်စတာယူနိုက်တက် ကစားသမားသစ် အနေနဲ့ တွေ့မြင်ရမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ်။ အသင်း ပရိသတ်တွေ အနေနဲ့လည်း မာတာရဲ့ ခြေစွမ်းကို သိရှိပြီးသား ဖြစ်မှာပါ။ အခုလို သူ့ကို အနီရောင် ဂျာစီနဲ့ ယူနိုက်တက်မှာ တွေ့မြင်ရတဲ့အတွက် ပရိသတ်တွေ ဝမ်းမြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု မိုယက်စ်က ဆိုခဲ့သည်။

Ref:goal
Soccer Myanmar

No comments:

Post a Comment