Wednesday, May 30, 2012

ရန်ကုန်မြို့တွင်း တန်ပိုတင်ဆောင်နေသော ယာဉ်များကို မူလလမ်းပျက်စီးမှု လျော်ကြေးအပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေရိုက်ကာ အရေးယူမှုစတင်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ကုန်တင်ထားသည့် ယာဉ်များ၏ တန်ပိုတင်ဆောင်မှုအား ကန့်သတ်ထားပြီး သတ်မှတ်ထားသော နှုန်းထားများထက် ပိုမိုတင်ဆောင်ပါ က မူလလမ်းပျက်စီးမှုလျော်ကြေး အပြင် စည်ပင်ဥပဒေဖြင့်ပါ ဒဏ်ငွေတပ်ရိုက်ကာ အရေးယူမှုများစတင် ပြုလုပ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းမများပေါ် တွင် ပြေးဆွဲလျက်ရှိသော ကုန်တင်ထားသည့် ယာဉ်များအားလုံး ၀င်ရိုးအလိုက်သာ ကုန်တင်ရသည့် အာဆီယံ စံနှုန်းအတိုင်းသာ ကုန်တင်ဆောင် ရသည့်စနစ်ကို၂၀၁၂ခုနှစ် မတ်လ အတွင်းက စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။
“မေလ၂၅ရက်နေ့က ကျွန်တော့်ကားကို တန်ပိုရှိမရှိ မိုဘိုင်းကတ္တားနဲ့ အင်းစိန်ရွာမကွေ့နားက ဂျပန်လမ်း မှာ စစ်ဆေးခြင်းခံရပါတယ်။ ကျွန်တော့် ကားက ယာဉ်၊ကုန်အလေးချိန် ၅တန်ခွဲပဲရှိရမှာကို ၇တန်ခွဲရှိလို့ ဆိုပြီး လမ်းပျက်စီးမှုလျော်ကြေး ဆိုပြီး တစ်တန်ကိုကျပ် ၅၀၀၀နဲ့ နှစ်တန်အတွက် ကျပ် ၁၀၀၀၀ တပ်ရိုက်ပါတယ်။ ဒါ့အပြင် စည်ပင်ဥပဒေ ပုဒ်မ-၂၈အရ ဆိုပြီး တရားရုံးမှာ ဒဏ်ငွေကျပ်ငါးသောင်း ထပ်မံပေးဆောင် ခဲ့ရပါတယ်”ဟု ဘုရင့်နောင်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ဝန်ပိုတင်ဆောင်ပါက သတ်မှတ်တန်အထက် တစ်တန်မှငါးတန်အထိ တစ်တန်လျှင်ကျပ် ၅၀၀၀ နှုန်း၊ ခြောက်တန်နှင့်အထက် တစ်တန်လျှင်ကျပ် ၁၀၀၀၀နှုန်း တန်ပိုကြေး ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
EMG

No comments:

Post a Comment