Wednesday, May 30, 2012

ယူရို ပြိုင်ပွဲမှာ နံပါတ် ၉ ကို ၀တ်ဆင်ခွင့်ရမည့် ဘာလော့တယ်လီ


မန်စီးတီး တိုက်စစ်မှူး ဘာလော့တယ်လီဟာ ယူရို ပြိုင်ပွဲဝင် အီတလီ အသင်းမှာ နံပါတ် ၉ ကို ၀တ်ဆင်ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အီတလီ နည်းပြပရင်ဒယ်လီဟာ ဘာလော့တယ်လီကို နံပါတ် ၉ ကိုပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။ ပရင်ဒယ်လီဟာ ဘာလော့တယ်လီကို ဖေဖော်ဝါရီ လတုန်းက အီတလီ လူစာရင်းကနေ ချန်လှပ် ထားခဲ့ပေမယ့် အခုချိန်မှာတော့  ရာနှုန်းပြည့် ယုံကြည်တဲ့ အနေနဲ့ အဓိက တိုက်စစ်မှူးတွေကိုသာ ပေးလေ့ရှိတဲ့ နံပါတ် ၉ ကို ၀တ်ဆင်စေမှာ ဖြစ်ပါတယ်။

အင်တာမီလန် ကစားသမားဟောင်း ဘာလော့တယ်လီဟာ အီတလီ အသင်းမှာ အဓိက နေရာကနေ ပါဝင် ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။ ဘာလော့တယ်လီဟာ ခြေစွမ်းပိုင်း ကောင်းမွန်ပေမယ့် ကစားကွင်း အတွင်းမှာသာမက ကွင်းပြင်ပမှာပါ ပြဿနာရှာတတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘာလော့တယ်လီဟာ မန်စီးတီး အသင်းမှာလည်း ပွဲထွက်ခွင့် ခဏခဏ ပျောက်ဆုံးခဲ့ရပြီး နည်းပြတွေရဲ့ မနှစ်သက်မှုကို ခံရသူလည်း ဖြစ်ပါတယ်။

ဘာလော့တယ်လီဟာ လက်ရှိ အချိန်မှာ အသက် ၂၁ နှစ်သာ ရှိသေးပြီး အီတလီ အသင်းမှာ ထွန်းတောက်လာမယ့် လူငယ် ကစားသမား အဖြစ် အများက သတ်မှတ်ထားခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။ အီတလီ အသင်းဟာ စပိန် ၊ အိုင်ယာလန် ၊ ခရိုအေးရှား အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စု အဖွင့်ပွဲစဉ် အဖြစ် စပိန် အသင်းနဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ကစားရမှာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။
MRTV4

No comments:

Post a Comment