Saturday, October 6, 2012

အာရှနိုင်ငံများက ၀င်ရောက်၍ ပုဂံဇုန်သို့ ဧည့်ဝင်မှု နှစ်ဆမြင့်နေ


နိုင်ငံခြားခရီးသွားဧည့်သည်များမြန်မာနိုင်ငံသို့ဝင်ရောက်မှုသည် စက်တင်ဘာလတွင် အနည်း ဆုံးဖြစ်နေတတ်သော်လည်း ယခုနှစ်တွင် ပုဂံဇုန်သို့ ဧည့်သည်ဝင်ရောက်မှုမှာ ယခင်နှစ်ကထက် (၂)ဆခန့် တိုးမြင့်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရှိရသည်။
 
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပုဂံဇုန်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုနှုန်းမှာ (၃၇၃၂) ဦး ရှိခဲ့ပြီး၊ ယခုနှစ် စက်တင်ဘာလတွင်မူ (၆၅၂၄)ဦးရေ ရှိခဲ့ကြောင်း သိရသည်။
 
စက်တင်ဘာလတွင်း၌ ပုဂံဇုန်သို့ဧည်သည်ဝင်ရောက်မှုများပြားရခြင်းမှာ အာရှနိုင်ငံခြားသားခရီးသွား ဧည့်သည်အ၀င်များခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ ဒု-ဥက္ကဌ ဦးဇော်ဝင်းချိုက ပြောပြသည်။
 
 “စက်တင်ဘာလကတော့ အမြဲတမ်း လူနည်းတယ်။ ဥရောပက လူတွေက ဇူလိုင်၊ သြဂုတ်မှာ အနား ယူကြပြီး၊ စက်တင်ဘာ(၁)ရက်နေ့မှာ အလုပ်ပြန်ဝင်ကြတော့ ခါတိုင်းနှစ်ဆို စက်တင်ဘာက လူနည်းတယ်။ အခုကတော့ အာရှဘက်က အ၀င်များနေတော့ ခါတိုင်းနှစ်ထက်လူက နှစ်ဆ လောက် ၀င်လာတယ်။ဟု ဦးဇော်ဝင်းချိုက ပြောသည်။
 
ထိုကဲ့သို့ အာရှနိုင်ငံများမှ ဧည့်သည်များဝင်ရောက်မှုများပြားလာခြင်းမှာ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှုကြောင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုများကို လေ့လာရန်အတွက် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
 
၂၀၁၂ သြဂုတ်လတွင်မူ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုမှာ ၉၆၉၁ ဦးရေရှိခဲ့ပြီး၊ စက်တင်ဘာလတွင် သုံးပုံတစ်ပုံခန့်နည်းသွားကြောင်း   တွေ့ရှိရသော်လည်း၊ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်မူ ဧည့်သည်ဦးရေပြန်တိုးလာနိုင်ကြောင်း ဒေသခံတို့ကဆိုသည်။
 
ပုဂုံဇုန်သို့ လာရောက်ကြသော ဧည့်သည်များ လည်ပတ်မှုအများဆုံးနေရာမှာ ရွှေစည်းခုံစေတီတော်နှင့် အာနန္ဒာဘုရားတို့ဖြစ်သည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ )

No comments:

Post a Comment