Friday, May 24, 2013

အရေးပေါ်အခြေအနေထုတ်ပြန်ခြင်းက နိုင်ငံသိက္ခာကျဆင်းစေဟု ဒီချုပ်ဆို

မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းချိန်၌ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ခြင်းသည် နိုင်ငံတစ်နိုင်ငံအနေဖြင့် သိက္ခာကျဆင်းစေနိုင်သည်ဟု အန်အယ်လ်ဒီပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်(ပုသိမ်)က ဆိုသည်။
 
ငြိမ်းချမ်းနေတဲ့နေရာမှာ အခုလို အရေးပေါ်အခြေအနေဆိုတာ မထုတ်သင့်ဘူး။ နိုင်ငံသားအခွင့်အရေးလည်း ဆုံးရှုံးတယ်၊ တရားစီရင်ရေးကလည်း ပုံမှန် မဟုတ်တော့ဘူး။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကိုလည်း ထိခိုက် စေနိုင်တယ်။ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနိုင်သလို အစိုးရအပေါ်လည်း အထင်အမြင် လွဲမှားစေနိုင်တယ်။ ဒီလိုကြေညာတာက အစိုးရအနေနဲ့ တာဝန်ယူနိုင်မှုမရှိဘူးလို့မြင်စေတာပေါ့။ နိုင်ငံအနေနဲ့လည်း သိက္ခာကျ တယ်။ “ ဟု အန်အယ်လ်ဒီပါတီ(ဒီချုပ်)မှ ဦးဝင်းမြင့်(ပုသိမ်)က ပြောသည်။
 
ဒီချုပ်ပါတီအနေဖြင့် နိုင်ငံတော်သမ္မတအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၂)(က)အရ အရေးပေါ် အခြေအနေ ကြေငြာမှုအတွက် ဝေဖန်ရခြင်းမှာ သမ္မတအနေဖြင့် တရားဥပဒေစိုးမိုးခြင်းကို မပြုလုပ်ပဲ တပ်မတော် ကာကွယ်ရေးဦးစီးနှင့် စစ်အုပ်ချုပ်ရေးတို့ကို တာဝန်သတ်မှတ်ပေးခြင်း ၊  နိုင်ငံသားအခွင့်အရေး များလည်း ဆုံးရှုံးခြင်းတို့က ဒီမိုကရေစီကျင့်စဉ်နှင့်မညီကြောင်း ၄င်းက ဆက်ပြောသည်။
 
မေလ(၂၁)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၁/၂၀၁၃) အရေးပေါ်အခြေအနေကြေညာခြင်းကို အတည်ပြုရန်အတွက် ဆွေးနွေးခဲ့ကြရာ ဒီချုပ်ပါတီမှ ယခုကဲ့သို့ ကြေငြာခြင်းထက် ပိုမိုသတိထား ထုတ်ပြန်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့သည်။
 
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ချက်များ မထုတ်ပြန်မီ ပြည်သူ့ကိုယ်စားလှယ်များအား အကြောင်းကြားသင့်သကဲ့သို့ တင်းကြပ်ထိရောက်သေချာသည့် ဥပဒေအတိုင်း ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းပုံဥပဒေကို ပြန်လည်သုံးသပ်သင့်ကြောင်း ၊ အရေးပေါ်အခြေအနေကြေညာရာတွင် တရားစီရင်ရေး ကဏ္ဍ မပါဝင်သဖြင့် သုံးသပ်ရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းခြင်း ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ပြုလုပ်နေသည့် အချိန် ဖြစ်သောကြောင့် အရေးပေါ်အခြေအနေကြေညာခြင်းသည် ပြည်သူများအနေဖြင့် အခွင့်အရေးနစ်နာချက်များ ရှိနိုင်သောကြောင့် ဖြေလျော့ပေးသင့်သည်အချက်များကို ဖြေလျော့ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုပြောဆိုသည်။
 
ဥပေဒကျူးလွန်တဲ့သူကို အပြစ်ပေးတာမျိုး မဟုတ်တော့ဘဲ ဒေသတစ်ခုလုံးကို တစ်ပြေးညီတည်း ဆောင်ရွက် လိုက်တာက ပြည်သူတွေအတွက် အခွင့်အရေးနစ်နာချက်တွေ ရှိတာပေါ့။ ဖြေလျော့ပေးသင့်တာတွေကို လုပ်ပေးသင့်တယ်။ “ ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၂)အရ အရေးပေါ်အခြေအနေကြေညာရာတွင် ပုဒ်မ(၄၁၂)(က)တွင် မူလ အခြေအနေအမြန်ပြန်လည်ရောက်ရှိစေရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ ၊ နယ်ဘက် ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများ နှင့် အဖွဲ့ဝင်တို့က တည်ဆဲဥပဒေများနှင့် တာဝန်ထမ်းဆောင်ရာ၌ ထိရောက် မှုရှိစေရန် တပ်မတော်၏ အကူအညီရယူနိုင်ကြောင်း ၊ (ခ)တွင် သမ္မတအနေဖြင့် လိုအပ်ပါက စစ်အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်နိုင်ပြီး အဆိုပါအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ၊ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို သတ်မှတ်ပေးရမည်ဖြစ်ကြောင်း ၊ ပုဒ်မ(၄၁၄)(ခ)တွင် အရေးပေါ် နယ်မြေအတွင်း နေထိုင်သည့် နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကို ဖြစ်စေ ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည်(သို့)ရပ်ဆိုင်းထားနိုင်သည်ဟု ပါရှိသည်။
 
ပဋိပက္ခဖြစ်ပွားခဲ့သည့် မိတ္ထီလာမြို့တွင် ယခုအချိန်တွင် တည်ငြိမ်အေးချမ်းလျက်ရှိပြီး ခိုက်ရန်ဖြစ်ပွားခြင်းမျိုး မရှိတော့ကြောင်း၊ သို့သော် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် အခက်အခဲအချို့ရှိနေသည်ဟု ဒေသခံအချို့က ဆိုသည်။
 
နဂိုကတည်းက စည်းကမ်းတွေထပ်တင်းကြပ်မယ်လို့ ကြားပြီးသားပါ။ ကျွန်တော်တို့ဆီလည်း ဘာပြသာနာမှ မဖြစ်တော့ပေမယ့် ဈေးတွေထဲမှာ ဘော်ထိုဇာနဲ့ထိုးတော့မယ်ဆိုတာတွေကြောင့် ဈေးပိတ်တာတို့လည်း ရှိတယ်။ ကောလဟလပေါ့ ရန်ဖြစ်တာမျိုးတွေဘာညာမရှိဘူး အခု နောက်ထပ်(၂)လတောင် အရေးပေါ် ကြေငြာတော့ ဘာအလုပ်မှ မလုပ်ရတော့ဘူးပေါ့ ဟု မိတ္ထီလာမြို့ ရန်မျိုးအောင် နယ်မြေ(၂)နေ ဒေသခံ တစ်ဦးက ဆိုသည်။
 
မေလ(၂၀)နှင့် (၂၁)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အရေးပေါ်အခြေအနေကြေညာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အဆုံးအဖြတ်ရယူခဲ့ရာ ထောက်ခံမဲ (၅၂၁)မဲဖြင့် အတည်ပြုခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးသည့်ရက်မှစ၍ ရက်ပေါင်း (၆၀)အထိ ဆက်လက် အာဏာတည်ရမည် ဟု ဆုံးဖြတ်ခဲ့သည်။

ဝင့်သင်ဇာကျော် (မြစ်မခ)

No comments:

Post a Comment