Friday, May 24, 2013
အက်သလက်တီကို တောင်ပံလူ တူရန်ကို ခေါ်ယူရန် ချယ်လ်ဆီး စိတ်ဝင်စားနေ
ချယ်လ်ဆီး အသင်းသည် အက်သလက်တီကို မက်ဒရစ် တောင်ပံကစားသမား အာဒါတူရန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
အသက်(၂၆)နှစ်ရှိ တူရကီ လက်ရွေးစင်ကို တူရကီကလပ် ဂါလာတာဆာရေးက ချိတ်ဆက်နေပြီး ယခုအခါ ချယ်လ်ဆီးကလည်း ယင်းအားထုတ်မှုတွင် ပါဝင်လာကြောင်း သတင်းများက ဆိုသည်။ ဂါလာတာဆာရေး အနေဖြင့် ကစားသမားဟောင်းကို ပြန်လည် ဝယ်ယူရန် ကြိုးစားနေသော်လည်း ယခုအခါ စတမ်းဖို့ဒ်ဘရစ်ဂ်ျ၏ အားပြိုင်မှုများနှင့်ပါ ကြုံလာရကြောင်း ကလပ်အသင်း ဥက္ကဋ္ဌဖြစ်သူ အူနိုင်းအေဆယ်လ်က ဝန်ခံ ပြောကြားခဲ့သည်။ ရာသီသစ်တွင် မန်နေဂျာ ဟိုဆေးမော်ရင်ဟို ကိုင်တွယ်လာမည့် ချယ်လ်ဆီးသည် အဆိုပါ စပိန်အခြေစိုက် ကစားသမားကို ဝယ်ယူရန် ကြိုးစားလာခဲ့သည်။
အေဆယ်လ်က "ချယ်လ်ဆီးက တူရန်ကိစ္စမှာ ဝင်ပါလာပါတယ်။ တကယ်တမ်း ယှဉ်မယ်ဆိုရင် သူတို့ရဲ့ ကမ်းလှမ်းမှုမျိုးကို ကျွန်တော်တို့ မလိုက်နိုင်လောက်ဘူး။ ကျွန်တော် အက်သလက်တီကိုရဲ့ ဥက္ကဋ္ဌနဲ့ တွေ့ပြီးပါပြီ။ သူကတော့ အသင်းက လုံးဝ ထုတ်မရောင်းချင်တဲ့ ကစားသမား (၃)ယောက်ရှိတယ်။ အဲဒီထဲမှာ တစ်ယောက်က တူရန်ပဲလို့တော့ ပြောသွားတယ်"ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ အက်သလက်တီကို အသင်းသည် လတ်တလောတွင် QPRမှ အီစတာဘန် ဂရာနီရိုကို ခေါ်ယူရန် ကြိုးစားနေကြောင်းလည်း သိရှိရသည်။
အဆိုပါ အသက်(၂၅)နှစ်အရွယ် စပိန်ကစားသမားကို ဖူလ်ဟမ်၊ ဆီဗီးလားနှင့် ရီးယဲလ်ဘီတစ် အသင်းများကလည်း စိတ်ဝင်စားနေသည်။ QPRအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းပြီးနောက် ဂရာနီရိုသည် အသင်းမှ ထွက်ခွာရန် စီစဉ်နေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: Daily Mail
soccer myanmar

No comments:
Post a Comment