Friday, June 7, 2013
ရိုးမား ဂိုးသမား စတီကလန်ဘာ့ဂ်ကို ဖူလ်ဟမ် စာချုပ်ခေါ်ယူ
ဖူလ်ဟမ်အသင်းသည် ရိုးမားဂိုးသမား မာတန် စတီကလန်ဘာ့ဂ်ကို ခေါ်ယူရန် အပြည့်အဝ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။
အသက်(၃၀)အရွယ်ရှိ နယ်သာလန် လက်ရွေးစင်သည် လာမည့် ဘောလုံးရာသီတွင် လန်ဒန် ကလပ်အတွက် ကိုယ်စားပြု ကစားပေးတော့မည် ဖြစ်သည်။ ရိုးမားအသင်းနှင့် ပြောင်းရွှေ့ကြေးတစ်ရပ် သဘောတူညီမှု ရရှိခဲ့သည့်နောက် ဖူလ်ဟမ်သည် စတီကလန်ဘာ့ဂ်ကို (၄)နှစ် စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်။ နယ်သာလန် လက်ရွေးစင် အသင်း၏ ဦးစားပေး ဂိုးသမား ဖြစ်သူသည် ရိုးမားတွင် (၂)ရာသီကြာ ကစားခဲ့သူ ဖြစ်သည်။ ၎င်းသည် အေဂျက်စ်အမ်စတာဒမ်တွင် ကစားနေစဉ် ကတည်းက ဥရောပ၏ အဆင့်အတန်းမြင့်သော ဂိုးသမား တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
ဖူလ်ဟမ်သည် ယခင်ကလည်း နယ်သာလန် လက်ရွေးစင် ဂိုးသမားဖြစ်သော အက်ဒွင်ဗန်ဒါဆားကို အီတလီ စီးရီးအေကလပ် ဂျူဗင်းတပ်စ်ထံမှ ခေါ်ယူရာ အောင်မြင်မှုများ ရရှိခဲ့ဖူးသည်။ ဖူလ်ဟမ်အသင်း မန်နေဂျာ မာတင်ဂျိုးလ်က "စတီကလန်ဘာ့ဂ်ဟာ အရည်အသွေးမြင့်ပြီး ကောင်းမွန်တဲ့ ဂိုးသမား တစ်ယောက်ပါ။ အေဂျက်စ်မှာ ကျွန်တော် သူနဲ့ အလုပ်တွဲလုပ် ကတည်းက သူ့အကြောင်းကို ကောင်းကောင်းသိခဲ့တယ်။ သူဟာ နယ်သာလန် လက်ရွေးစင် အသင်းရဲ့ ဂိုးသမားလည်း ဖြစ်နေပါပြီ။ ဖူလ်ဟမ်မှာရော၊ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာပါ သူအကောင်းဆုံး လက်စွမ်းပြနိုင်မယ် ဆိုတာကို ကျွန်တော် ယုံကြည်ထားပြီးသားပါ"ဟု ပြောကြားသွားသည်။
စတီကလန်ဘာ့ဂ်က "ဖူလ်ဟမ်ကို လာရတာ ကျွန်တော် ပျော်ပါတယ်။ နွေရာသီ အစောပိုင်းမှာပဲ အပြောင်းအရွှေ့ ကိစ္စအားလုံး အပြီးသတ်နိုင်ခဲ့တာ အဆင်ပြေတာပေါ့။ ခုဆိုရင် နောက်ရာသီ ပရီးမီးယားလိဂ်မှာ ကစားဖို့ ကျွန်တော် အပြည့်အဝ အာရုံစူးစိုက် ထားနိုင်ပါပြီ"ဟု ပြောဆိုသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:
Post a Comment