“သားရယ်၊ အဘမှာ ပိုက်ဆံ တစ်ရာပဲပါလို့ ကားခကို ဒါလေးပဲ ယူပါနော်”
“ဟာ ရတယ် ဘကြီး။ တစ်ရာလည်း မပေးနဲ့တော့”
နွမ်းပါးဟန် ရှိသော အဘိုးအိုနှင့် စိတ်သဘော ထားကောင်းသော အထူးကား စပယ်ယာလေးတို့ ကြားမှာ အလှူလေး တစ်ခု ဖြစ်သွားသည်။ ကြီးကျယ် မြင့်မြတ်သော အလှူကြီးတော့ မဟုတ်။ လက်ကောက်သံ တချွင်ချွင် မကြားရ။ ဟန်းဖုန်းသံ တညံညံ မမြည်။ သတင်းစာထဲ ကျေးဇူးတင်လွှာ မပါဘဲနှင့် လှူဖြစ်သွားသည်။ ဘေးနားရှိ ခရီးသည် အားလုံးလိုလိုမှာ စပယ်ယာလေးအား ချစ်ခင်စွာ ကြည့်နေကြသည်။ အဘိုးအိုကမူ တတွတ်တွတ်နှင့် ဆုပေးနေရှာ၏။
“အစ်မ၊ ဒီနားမှာ ငါးဆယ်တန်လေး တစ်ရွက် ပြုတ်ကျတာ တွေ့မိလား ဟင်”
“မတွေ့မိပါဘူး ကလေးရယ်။ ဘာဖြစ်လို့လဲ”
“အဲဒီ ငါးဆယ်က သား မုန့်ဖိုးလေ”
“ဒါဆို ဒီနေ့အတွက် သားမှာ စားစရာ မုန့်ဖိုး မရှိတော့ဘူးပေါ့။ ဟုတ်လား”
“ဟုတ်ကဲ့”
“ကဲ ဒါဆို အစ်မက သားစားချင်တဲ့ ငါးဆယ်တန် မုန့်တစ်ခု ကျွေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါဆိုရင် တော့ ကိုယ့်မုန့်ဖိုးကို မပျောက်အောင် သိမ်းရမယ် ကြားလား”
“ဟုတ်ကဲ့၊ ကျေးဇူး တင်ပါတယ် အစ်မ”
သူတို့ရပ်ကွက်က လက်လုပ် လက်စားများသည်။ အဲသည်လို ကလေးတွေ ဆိုမှတော့ မုန့်ဖိုးရသည့် နေ့ဆိုသည်မှာ မဟာ ကံထူးရှင် ဖြစ်သည့်နေ့ပင်။ အခုလို ငါးဆယ်တန် မုန့်ကြီး အလကား စားရသည့်နေ့ဆို ဘာပြော ကောင်းမလဲ။ အင်တာနေ ရှင်နယ်ကျောင်း တက်ခွင့်ရ သည့် ကလေးတစ်ယောက် ကဲ့သို့ ပျော်ရွှင်ရတော့သည်။ မုန့်ကလေးကို ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ထားကာ ၀မ်းသာအားရ ပြေးထွက် သွားသော ကလေးငယ်အား ကြည့်ရင်း လမ်းဘေးမုန့်ဆိုင် အသေးစား ပိုင်ရှင် ကလေးမ ခမျာ အလှူကြီး ပေးလိုက်ရ သကဲ့သို့ ခံစားနေရ၏။
“အဘွား ခရေပန်း တစ်ကုံးကို ဘယ်လောက်လဲ”
“တစ်ကုံးကို တစ်ရာပါ သမီးရယ်။ အဘွား ဒီနေ့ ရောင်းမကောင်းလို့ သုံးကုံး နှစ်ရာသာ ယူသွားပါတော့”
လှည်းတန်းပလက် ဖောင်းပေါ်မှာ ခရေပန်းကလေးတွေ သီရောင်းနေသော အဘွားအိုထံမှ ပိုက်ဆံငါးရာ ဖြင့် ပန်းတစ်ကုံးသာ ယူသွားသော ကျောင်းသူကောင် မလေးအား အဘွားအိုက မေတ္တာ ပို့ပေးနေသည်။ ကျောင်းသားလေး တစ်ယောက်ကလည်း ပန်းကုံးပေးစရာ ချစ်သူ ကောင်မလေး မရှိပါ ဘဲနှင့် ပိုက်ဆံ ငါးရာပေးကာ အဘွားအိုထံမှ ပန်းကုံးတစ်ကုံး အားပေးသွားသည်။
“ပန်းတစ်ကုံး ဘယ်လို ရောင်းလဲ”
“သုံးကုံးနှစ်ရာပဲ ယူပါ တော့ သမီးရယ်”
“များလိုက်တာ။ အရင်ကဆို တစ်ကုံးငါးဆယ် တည်းပါ။ ဈေးတွေကလည်း ကြီးလိုက်တာနော်။ အလကား ရတဲ့ ပန်းတွေသွားကောက် ပြီးတော့။ အိမ်ကလူအတွက် ယတြာေ ချစရာရှိလို့သာ ၀ယ်ရတာ”
အ၀တ်အစား ပြောင် ပြောင်လက်လက်နှင့် မိန်းမက စကားကို တရစပ်ပြော နေသည်။ အဘွားအိုကလည်း ဘုရားတရားနှင့် နေသူပီပီ မုသားစကားကို မဆို။
“မနက် အစောကြီး ကလေးတွေနဲ့ လုမကောက် နိုင်လို့ သူတို့ဆီက တစ်ဆင့် ပြန်ဝယ် ထားရတာပါ သမီးရယ်။ ကဲ ကဲ၊ အရင်းအတိုင်းပဲ ယူသွားပါကွယ်”
လက်ကောက်များ၏ ထိရိုက်သံနှင့် အတူ ဆူမိုနပန်း သမားကြီးကဲ့သို့ ပြည့်ဖောင်း ကားနေသော ပိုက်ဆံအိတ် အတွင်းမှ နှစ်ရာတန် အစုတ် ကလေးဖြင့် ခရေပန်း လေးကုံးကြီးများပင် အားပေး သွားသည်။ ထို့နောက် ကားမည်းမည်းကြီးပေါ်သို့ တက်ကာ အရှိန်ပြင်းပြင်း မောင်းထွက်သွား၏။ အဘွား အိုကမူ စောစောကကဲ့သို့ မလျော့သော မေတ္တာများ ပို့ သနေလေ၏။
“လက်ဖက်ရည်တစ် ခွက်ပေး။ ဘယ်လောက် ကျလဲ”
“ငါးထောင်ကျတယ်”
“ဟယ် နင်တို့ကလည်း ဈေးတက်တာ မြန်လိုက်တာ။ မနေ့ကပဲ တစ်ထောင်ဆို”
“ကုန်ဈေးနှုန်း အတက် ကြမ်းတာ သိသားနဲ့”
“ကဲ ကဲ၊ ဒါဆိုလည်း ငါ့ချက်ယူမလား”
“ဟာ အဒေါ့်ချက်တော့ မယူချင်ပါဘူး”
“ချက်လက်မှတ်ကို ပြောတာပါ ကောင်လေးရဲ့။ ငါ ရေးပေးလိုက်မယ်။ မနက် ဖြန်ကျတော့ ဘဏ်မှာ သွား ထုတ်ပေါ့။ စမူဆာလေးပါ ထည့်ပေးလိုက်ဦးနော်”
“ကရင်လေးရေ၊ ဒေါ်ဝိုင်းစိန်ကို သုံးထောင်တန် စမူဆာ ထည့်ပေးလိုက် ဟေ့”
အနာဂတ် ကာလ ရောက်သွားခြင်း မဟုတ်ပါ။ စိတ်မနှံ့ ဖြစ်နေရှာသော ဒေါ်ဝိုင်းစိန်ကို လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးပေါက်က နေ့စဉ် လက်ဖက်ရည်နှင့် စမူဆာ အလကား ကျွေးသည်။ သို့ သော် ဒေါ်ဝိုင်းစိန်က အလ ကားဆို လက်မခံ။ တကယ် ပေးဖို့လည်း သူ့မှာ မရှိ။ ပါးစပ်နှင့်ရောင်း၊ ပါးစပ်နှင့် ပေး။ ရောင်းသူဝယ်သူ သဘော တူကြသည်။ ထိုသို့ ဒေါ်ဝိုင်းစိန် လာစားတိုင်း ယခုကဲ့သို့ပင် နောက်နေကျ။ ငါးထောင်တန် အထပ်လိုက် ကြဲနိုင်သော အလှူမျိုးမဟုတ်။လှူချင်စိတ်ကလည်း ရိုးရိုးရှင်း ရှင်း။ ပါမစ်တွေ ကျပါစေ။ ဟမ်းဖုန်းကို တစ်ယောက် တစ်လုံး တစ်အိမ်လုံးကို သုံး နိုင်ပါစေ။ ဆိုက်ကနက်ကား ကြီး စီးရပါစေဆိုသည့် ဆု တောင်းသံကိုမူ မကြားရ။ ပုံမှန်လေး ရောင်းရတော်ပြီဟူ ၍သာ ဦးပေါက်တို့ရင်ထဲမှာ ရှိသည်။ ဒေါ်ဝိုင်းစိန်ကမူ သူ့ဗိုက်ကလေးကို ပွတ်ရင်း-
“မြန်မြန်လုပ်ပါဟဲ့။ ဒီမှာ ဗိုက်ဆာလှပြီ။ ရန်ကုန်မှာ ရှိတဲ့ ဟိုတယ်တွေထက် နင်တို့ ဆိုင်က ကောင်းလို့ လာအားပေး နေတာ သိရဲ့လား”
သူ့ဝမ်းစာလေး သူယူ ရင်း ထွက်သွားခါနီးမှ
“ဟဲ့ ဘဏ်မှာ ပိုက်ဆံ သွားထုတ်ရင် ၀ိုင်းစိန် ကုမ္ပဏီလို့ ပြောပြီး ထုတ်လိုက်၊ လူ တိုင်းသိတယ်။ ဟုတ်ပြီ လား”
သည်ကိစ္စက အတော့်ကို ခွကျသည့်ကိစ္စ။ အပတ် စဉ် တစ်ပတ်ကို နှစ်ရက် လောက် အဲဒီအသံကို ကြား ကြရသည်။ ဓားသွေး ကျောက်တုံးထမ်း၍ အော်နေသည့် ဘကြီးတစ်ဦး အသံက မျှော်လင့်ချက်တွေ အပြည့် နှင့်။ အသက်ထက် ခန္ဓာ ကိုယ်က ပိုပြီး ရင့်ရော်နေသည့် ဘကြီးအား သူတို့ မိသားစု ကူညီချင်ကြသည်။ သို့သော် ဓားသွေးသည့်ကိစ်္စဆိုသည် မှာ ခဏ ခဏလုပ်ရန် မဖြစ် နိုင်။ အဘ အသံက မကြား မချင်းအော်နေမည့်အသံမျိုး။ တစ်စတစ်စ ပိုကျယ်လာသည်။
“အဘ ဓားတွေ သွေး ပါတယ်။ အဘကို ကူညီပါ”
သူတို့ မိသားစုကလည်းသည် အသံကြားရပြီ ဆိုလျှင် နေမထိထိုင်မသာ။ တိုက်ပုံအင်္ကျီတစ်ပတ်နွမ်း ကလေးနှင့် အဘ ပုံစံက တစ်ချိန်က အရာရှိ၊ ယခုမူ ပင်စင်စားအဘိုးကြီးတစ်ဦး လည်း ဖြစ်နိုင်သည်။ ယခင် က သူ့နားမှာ ခြွေရံသင်း ပင်းများ တစ်ပုံကြီး ရှိကောင်း ရှိခဲ့လိမ့်မည်။ ဆရာ၊ ဆရာ နှင့် တစ်ရာတည်းရာနေမည်။ ယခုမူ ပါဝါလည်း မရှိ။ ဆရာလည်း နတ္ထိဖြစ်သွား လေမလား မသိ။
သို့တည်းမဟုတ် လုပ်ငန်းရှင်ကြီး တစ်ယောက်လည်း ဖြစ်နိုင်သည်။ စီးပွားရေး သမားဆိုသည်မှာ တစ်ချက် မှားသည်နှင့် တစ်သက် ရှာ မျှ ကုန်ရော မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာရှိရှိ လုပ်ကိုင် စားသောက်နေသော ဘကြီး၏ စိတ်ကို လေးစားရ မည်။ ဟိုလူ့လိမ် သည်လူ့ ကောက်နှင့်ရသော ငါး ထောင်တန်တစ်ထပ်ထက် အဘ လက်ထဲက ချွေးစို့နေ သော နှစ်ရာတန်၊ တစ်ရာတန် အနွမ်းကလေးတွေက ပိုသန့်ရှင်းသည်။ အသက်ကြီး လာသည်နှင အမျှ ရိုးသားမှု ပို၍ကြီး လာသင့်သည်ဟု အဘ တွေးမှတ် ထားပုံရသည်။
ဘကြီး အသံကြား တိုင်း ဓားသွေးရလွန်းသဖြင့် သူတို့အိမ်က ဓားတွေလည်း လုံးပါးပါးကုန်ပြီ။ ထို့ကြောင့် သူတို့အိမ်က လူတွေကို မှာထားရသည်။ ဓားကိုင်လျှင် သေချာ သတိထားကိုင်။ အဘ လာနေသရွေ့ သူတို့အိမ်က ဓားတွေ ထက်နေမှာပင်။
“အဘ ဓားတွေ သွေး ပါတယ်။ အဘကို ကူညီပါ”
သူတို့ တက္ကသိုလ်မှာ ကျောင်းသား ကျောင်းသူတွေ ရေတစ်လီတာကို လေးရာနှင့် ၀ယ်သောက် ကြရသည်။ ထို ရေကို ထည့်ထားသည့် ဘူးခွံ ကိုမူ ကလေးတွေက တောင်းသည်။ နောက်ပြီး တစ်ဆင့် ပြန်ရောင်းသည်။ ထိုသည်ပင် ကျောင်းနားမှာရှိသည့် ကလေးများ၏ စီးပွားရေး။ သူတို့လေးတွေ ကျောင်းဆင်း သည့်အချိန်ဆို အပြေးအလွှား ရောက်လာကြ၏။ သို့မှသာ တက္ကသိုလ်ကျောင်းသူကျောင်း သားတွေ မပြန်မီ တွေ့မှာ။ နွေရာသီဆို တစ်ညနေတည်း မှာပင် သူတို့အတွက် မြွေရေခွံ အိတ်တစ်လုံးစာခန့် အသာ လေး ရ၏။ မိုးတွင်းဆိုလျှင် တော့ လေးငါးဘူးလောက် ပင် မရချင်။ ဈေးကွက်ကို သိလာသဖြင့် အပြိုင်အဆိုင် တွေကလည်း များလာ သည်။ လူကြီးတွေကပင် အလုအယက် ဈေးကွက်လု ချင်လာသည်။ သည်ကြား ထဲ ကျောင်းအပေါက်ဝမှ ကျောင်းစောင့်တွေကို ဆေး လိပ်၊ ကွမ်းယာနှင့် ဖားရ သေးသည်။ မဟုတ်လျှင် ကျောင်းနားကပ်ခွင့် မပေး။ ခပ်ဝေးဝေးက လှမ်းမျှော် ရသည်။ ရေဘူးကောက်ပြီး သည်နှင့် မမြင်သာသည့် နေရာပြန်ပြေးရသည်။ အထုပ် ကြီးတွေ ထမ်းလိုက်ပြေး လိုက်က မသက်သာ။ ကလေးတော်တော်များများ လည်း လာဘ်ပေးလာဘ်ယူ လုပ်ကြရသည်။ မလုပ်လျှင် ရေဘူးမရနိုင်သောကြောင့်ပင်။
“အစ်မကြီး အဲဒီရေဘူးလေး သားကို ပေးပါလား”
ရေသန့်ဘူးကိုင်ထားသော ကောင်မလေးက ဘာကြောင့် တောင်းမှန်းမသိ။ ပြီးတော့ သူ့ရေဘူးထဲမှာ ရေတွေ ကျန်သေးသည်။
“ဟဲ့ ဘာလုပ်ဖို့လဲ”
“သား ရောင်းစားမလို့ ပါ”
“တစ်ဘူး ဘယ် လောက်ရလဲ”
“သုံးဆယ်”
“ကဲ အစ်မကို ဒီရေဘူး ပြန်ရောင်းလိုက်တယ်လို့ သဘောထား ရော့ ငါးဆယ် ယူ”
“သားမှာ ပြန်အမ်းစရာ နှစ်ဆယ် မရှိဘူး အစ်မရဲ့”
“ကဲပါ ပြန်မအမ်းနဲ့ ဈေးကောင်းပေးဝယ်တယ်လို့ မှတ်လိုက်”
“ဟာပွတာပဲ နေ့တိုင်း အဲဒီလို ဈေးကောင်းပေးဝယ် တဲ့သူ ရှိရင်ကောင်းမှာပဲ။ သွားမယ်နော် အစ်မ”
ကျောင်းသူလေးက သူ့ မုန့်ဖိုး အနည်းငယ်ကို လှူလိုက်သည်။ သို့သော် သူ့ကိုယ်သူလည်း လှူသည် ဟု မတွေးမိ။ ကလေးတစ် ယောက်၏ရယ်သံ၊ ပျော်ရွှင်သံကို ခပ်တိုးတိုး နားစွင့် လိုက်ရုံသာ။
သီလရှင်လေး သုံးပါးနှင့် သီလရှင်ဆရာကြီးတစ် ပါး ဆန်လှူခံကြွလာသည်။ ဟိုအရင်ကမူ အိမ်တော် တော်များများက ဆန်လှူလေ့ ရှိသည်။ ဆန်ကလည်း လှူ နိုင်သည့်အခြေအနေ မဟုတ် လား။ ယခုမူ ပိုက်ဆံသာ လှူနိုင်ကြတော့သည်။ ပိုက် ဆံဆိုရာတွင် များများစားစား လည်း မလှူနိုင်။ တစ်နေ့ တစ်နေ့ လာလိုက်သည့် ဆရာလေးတွေ။ သီလရှင်ဆို သည်မှာ ဆွမ်းခံစားလို့ရသည် မဟုတ်။ ဆန်အလှူခံပြီး ကိုယ့်ဟာကိုယ် ချက်စားကြ ရသည်။ ဟိုအရင်ကမူ လူများက ပိုက်ဆံလှူလေ့ မရှိ။ တချို့ဆရာလေးတွေက မူ စားရန် လိုသလောက် ဆန်ကိုယူထားပြီး ဈေးသည် တစ်ဦးတလေထံမှာ ဟင်း ချက်စရာလေးဖြင့် လဲယူ တတ်သည်ဟု ကြားဖူးသည်။ ယခုမူ လူတော်တော်များများ က ပိုက်ဆံလှူသဖြင့် ထိုသို့ လုပ်စရာမလိုတော့ပေ။ (ပိုက် ဆံဆိုလို့ အထင်မကြီးလေ နှင့်။ ဆရာလေးတို့၏ နှီးဗန်း ကလေးထဲတွင် ငါးကျပ်တန်၊ တစ်ဆယ်တန်ကလေးများ သာ မျက်နှာရကြသည်။ နှစ်ရာတန်ဆိုသည်မှာ မပေါ် တစ်ခါ ပျောက်တစ်လှည့်။)
“ဒါနရှင်များရှင်”
ဆရာလေးတို့ အလှူခံ နေကျအိမ်တစ်အိမ်ရှေ့သို့ ရောက်လာကြသည်။ အိမ်ရှင် က ထွက်မလာသေး။ တချို့ အိမ်တွေက ဆရာလေးများကို ရေအေးအေး ဒါမှမဟုတ် အအေးကပ်လေ့ ရှိသည်။ အအေးကပ်လေ့ ရှိသော ဒကာမကြီးကို စောင့်ရင်း အုတ်ခုံတွင် ထိုင်ကာ သီလ ရှင်အငယ်ဆုံးလေးက သူ အလှူခံရသော ပိုက်ဆံလေး များကို ရေတွက်နေသည်။
“လေးရာ၊ လေးရာ လေးဆယ့်ငါး၊ လေးရာ့ငါး ဆယ်”
ပိုက်ဆံလေးများကို နောက်တစ်ခေါက်ထပ်ရေပြန် သည်။
“လေးရာလေးဆယ့် ငါး၊ လေးရာ့ငါးဆယ်”
အိမ်ရှင်အစ်မကြီးက ဆရာလေးလုပ်နေပုံကို သေ ချာကြည့်ရင်း ပြုံးနေသည်။ ရေနေပုံက ထပ်ရေလေ ပိုက် ဆံတွေက ပိုလာလေမလား ဟု အထင်နှင့်။
“ဆရာလေး လေးရာ့ ငါးဆယ်အကြွေလဲမလား”
“မလဲပါဘူး ဒကာ မကြီး”
“ငါးရာပေးမယ်လေ”
သီလရှင်လေးမျက်နှာ ၀င်းခနဲဖြစ်သွားပြီး
“လဲမယ်”
အိမ်ရှင်အစ်မကြီးက ခြံထဲကနေ ပိုက်ဆံကို လှမ်း ယူရင်း “အခုနေ ပိုက်ဆံယူ ထားလိုက်ရင် ဆရာလေး ဘာမှလုပ် မရတော့ဘူးနော်” ဟု နောက်နေသည်။ သီလ ရှင်လေးခမျာ တကယ်ယူ လိုက်လေမလားဟန်ဖြင့် သူ့ပိုက်ဆံလေးကိုလက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်ထားသေးသည်။ အိမ်ရှင် က ငါးရာတန်လေးပေးမှ သူ့အလှူခံ ပိုက်ဆံလေးများ ကို လွှတ်တော့သည်။
အိမ်ရှင်အစ်မကြီးအိမ် ထဲအ၀င် သီလရှင်ခပ်ငယ် ငယ်တစ်ပါးက လှမ်းပြော လိုက်သေးသည်။ သို့သော် ကြားစေချင်သူမှာ မကြား တော့။
“ဒီမှာတော့ သုံးရာ့ငါး ဆယ်နော်”
သူတို့တွေ ဘွဲ့နှစ်ခု သုံးခုရပြီးသားပင်။ သို့သော် အရေးကြုံသောအခါ အင်္ဂလိပ်စာကို Latter တစ် စောင်ပင် ခပ်သွက်သွက် မရေးနိုင်ကြ။ ကိစ္စမရှိ။ ပိုက်ဆံ။ လောကကြီးမှာ ပိုက်ဆံရှိလျှင် အလုပ်တော် တော်များများ လုပ်လို့ရသည်။ အလုပ်တစ်ခုအတွက် ဘာသာ ပြန်ရန် သူတို့ပန်းဆိုးတန်းကို ချီတက်ခဲ့ကြ၏။
ပန်းဆိုးတန်းအောက် လမ်းတွင် ဘာသာစုံပြန်ပေး နိုင်သော ဘာသာပြန်ဆိုင်တွေ ရှိသည်။ ထိုနေရာသို့ သွား လိုက်ရုံနှင့် ကိစ္စပြတ်သည်။ သူတို့ ရောက်သွားသော အချိန်တွင် ဘာသာပြန်ပေး သည့် ဘကြီးက အခန်း၏ ထောင့်တစ်ခုမှာ ထိုင်နေ၏။ သူ့အနောက်တွင် လက်နှိပ် စက်ရိုက်သည့် ဘကြီး။ ထို နောက်မှာ အိမ်သာ။ ၁၂ ပေ အကျယ်ခန့်ရှိသော အခန်း ထဲတွင် အလုပ်ပေါင်းစုံ အပ် နိုင်အောင် လူတွေက စုပြုံနေ ရ၏။ နောက် အပေါ်ထပ်သို့ တက်ရသော လှေကား၏ အောက်တွင် ဘကြီးတစ် ယောက်။ လက်နှိပ်စက်တစ် လုံးနှင့်။ (ထိုင်နေသောအခါ ခေါင်းကို မထိရုံတမည်လေး။ မတ်တတ်ရပ်လျှင် ခေါင်းငုံ့ ရပ်ရသောအမြင့်) အပေါ်ကို တက်သွားသည့်အခါတိုင်း သူ့ခေါင်းကို နင်းသွားသလို ခံစားရရှာမည်။ သို့ပေမဲ့ ခေါင်းနာသည်ထက် ဗိုက်ဆာ သည်က ပိုအရေးကြီးသည်။
ဘွဲ့တွေ ဤမျှရပြီးမှ သူ့ဆီဘာသာလာပြန်သည်ကို ဘကြီးက ကရုဏာ ဒေါသောနှင့် မေးခွန်းတွေ မေးနေ၏။ ကိုယ့်ဆီ ပိုက်ဆံလာပေးသည့် သူကို မကြိုဆိုဘဲ ဆုံးမနေသော ဘကြီး၏ စေတနာကို သူတို့နားလည်လိုက်သည်။ ဘကြီးကမူ(ဟိုခေတ်က) ဘွဲ့တစ်ခုသာ ရထားသည့်သူ။ သူတို့ ဘကြီးဆီတွင် ဘာသာပြန်ပြီးသည့်အချိန် နောက်က အဘက လှမ်းမေး သည်။ (မျှော်လင့်ချက်မျက် လုံးတွေနှင့်။)
“သမီးလေး၊ လက်နှိပ် စက် ရိုက်မလား”
ဤကဲ့သို့ Latter တစ် စောင်ခန့်ဆိုလျှင် ကွန်ပျူတာ မမတွေက ကီးဘုတ်ပေါ် လက်ကလေးခပ်သွက်သွက် မြှောက်လိုက်ရုံနှင့် ငါးမိနစ် လောက်ဆို ပြီးနိုင်သည်။ သို့ ပေမဲ့လည်း ဘကြီး၏ မျက် လုံးတွေကတစ်ဆင့် သား သမီးတွေကို ဆန်ဖိုးလေး ပေးချင်သည့်၊ မြေးအတွက် ကျောင်းအင်္ကျီလေးတွေ ၀ယ်ပေးချင်သည့် ဆန္ဒတွေကို မြင်နေရ၏။ သူတို့လည်း ငါးမိနစ်လောက်နှင့် ပြီးမည့် ကိစ္စကို မိနစ်နှစ်ဆယ်မက အချိန် ပေးလိုက်ကြသည်။ စာလုံးလေးတစ်လုံး မှားလျှင် ပြန်ပြင်ရန် မလွယ်သည့် လက်နှိပ်စက်ကိုပင် ယုံယုံ ကြည်ကြည် အပ်နှံလိုက်သည်။ နောက်တစ်ယောက်ကမူ အချိန် မရှိသဖြင့် အပေါ်ထပ်က ကွန်ပျူတာ၏ ခေတ်မီ ခြင်းကိုပဲ အားကိုးလိုက်၏။
နေရာထားပုံကိုက ကွန် ပျူတာမမတွေက အပေါ်မှာ အဲကွန်းနှင့်။ ဘကြီးတို့ကမူ သူတို့၏ လက်နှိပ်စက်ကြီး တွေနှင့် အောက်ထပ်တွင် ကြပ်ကြပ်ညပ်ညပ်။ (လက် နှိပ်စက်ဆိုသည်မှာ အဲကွန်း နှင့် ထားစရာ မလိုဘဲကိုး။ လူတွေကမူ ပူတတ်တာချင်း အတူတူပင်။) စာရွက်တွေ ဘာသာပြန်ပြီး အသီးသီး ထွက်လာသည်။ လက်နှိပ် စက်ဘကြီး၏စာရွက်က ကြာ သော်လည်းမှန်၏။ ကွန်ပျူ တာမမတွေကတော့ အမှားက သောက်သောက်လဲ။ မှား လည်း လက်ကလေး တစ် ချက်နှိပ်ရုံဖြင့် ပြန်ပြင်၍ ရသည်ဆိုသည့် စိတ်ကြီးက သူတို့ရင်ထဲမှာ ကိန်းအောင်း ပြီးသား။ ဘကြီးကမူ မှား၍ မဖြစ်ဘူးဆိုသည့် အသိရယ်၊ ရိုက်လာသည့် သက်တမ်း ရယ်၊ ကျွမ်းကျင်မှုရယ်၊ အငြိုငြင်ခံလို့ မဖြစ်ဘူးဆို သည့်ခံစားမှုရယ်ကြောင့် အမှားမပါ။
လက်နှိပ်စက် ဘကြီး ကို တစ်ရွက်ငါးရာနှင့် အား ပေးလိုက်ကြသည်။ ကွန်ပျူ တာစာစီက လေးရာ။ ငါးမိနစ်လောက်အာရုံစိုက်ရုံနဲ့ ရသည့်လေးရာနှင့် မိနစ်နှစ် ဆယ်ကြာအောင် ချွေးတစ် လုံးလုံး လုပ်ခဲ့ရသည့်ငါးရာ က ပိုတန်သည်။ သို့သော် ချွေးစက်တွေက တစ်ရာသာ တန်သတဲ့လား။ ထိုအချိန် မှာပဲ လှေကားအောက်တွင် ထိုင်နေသည့် ဘကြီးက စာလာရိုက်သူကို မျှော်နေ သည်။ သူ့မျက်နှာက ခပ်ညှိုး ညှိုး။
ဟိုဘကြီးတွေ အလုပ် ဖြစ်နေပုံကို အားကျသော မျက်လုံးတွေနှင့်။ သူ့စိတ် တွေကသာ လက်နှိပ်စက် ပေါ်အခါခါ ရွေ့လျားနေ သည်။ လက်ကတော့ တစ် နေ့လုံး နားနေရ၏။ လက်နှိပ် စက်ဆီက အသံတဂျောက် ဂျောက်ကို ကြားချင်နေမိ သည်။ စက်ကလည်း ပိုင်ရှင် နှင့်အတူ အနားရနေသည်ကို ပျော်မည်မထင်။ တစ်သက် လုံးလက်တွဲလာသည့် သူ့ သခင်၏စိတ်ထဲ ဘယ်လို ခံစားနေရမည်ဆိုသည်ကို စက်ကလေးကလည်း နား လည်နေသည်။ သူ့ပိုင်ရှင် စိတ်ထဲ အိမ်ကမိန်းမ လက် ဖြန့်တာကို မြင်နေပုံ၊ မီတာခ၊ ဆီ၊ ဆန်၊ ဆေး။ (အင်္ဂါနံတွေ က ဆက်တိုက်ဆိုသလို ရုပ်ရှင်ပြကွက်တွေအတိုင်း ကျလာသည်။) သတိ ကုန် ဈေးနှုန်း ဆိုသည့် သူ့အိမ် နံရံက စာတန်းလေးကလည်း အတွေးမှာ ဟိုပျံဒီပျံ။ သူ လိုက်မမီသည်မှာ ကြာခဲ့ပါ ပြီ။ မီလိုမီငြားလိုက်လေ ငှက်မွေးလေးလို လေထဲပေါ့ ပါးစွာ ပျံဝဲလေပင်။
ဘကြီး စဉ်းစားခန်း ၀င်နေချိန် ကောင်လေးတစ် ယောက်ရောက်လာသည်။
“ကွန်ပျူတာ စာစီချင် လို့”
ဘကြီးမျက်နှာ ၀င်းခ နဲဖြစ်ပြီးမှ မိုးအုံ့သွားသည်။ ခေတ်မီခြင်းဆိုသည်မှာ သူတို့ လို အဘိုးကြီးတွေနှင့် ဘာမျှ မဆိုင်တော့ပေ။ ကားအိုကား ဟောင်းတွေကဲ့သို့ သူတို့တွေ ကိုလည်း နှစ်ခြောက်ဆယ် ကျော်သွားသဖြင့် နုပျိုခြင်း တွေ လဲပေးလျှင် ကောင်း မည်။
ကောင်လေးကလည်း ထူးထူးခြားခြား ဘကြီး မျက်နှာကို သတိထားမိ သွားသည်။
“အဲ...အဲ ကျွန်တော် လက်နှိပ်စက် ရိုက်ချင်လို့”
အသံကြားသည်နှင့် တစ်ပြိုင်နက် ဘကြီးလက် တွေက ရွှေလက်အိတ်ပိုင်ရှင် ဂိုးသမားတွေလို အသင့်အနေ အထားနှင့်။ ကောင်လေးက ဘကြီးဆီမှာပဲ အားပေးလိုက် သည်။ ကောင်လေး စိတ်ထဲ တွေးနေသည်ကို ဘကြီး သိပုံမရ။ ရုံးရောက်လျှင် ရိုက်ခ သုံးရွက်အတွက် တစ်ထောင့်နှစ်ရာသာရမည်။ ကောင်လေးက သူ့အိတ်ထဲ က စိုက်ရမည့် သုံးရာကို စိတ် တွက် တွက်နေမိသည်။ သည်နေ့လက်ဖက်ရည် မသောက်နိုင်တော့။ ရေနွေး ကြမ်းလေးလည်း ကောင်းပါ ၏။ ကင်ဆာတို့၊ နှလုံးရောဂါ တို့ကိုပင် ကာကွယ်နိုင်သည် ဆို၏။ ကျန်းမာရေးနှင့် ညီညွတ်သည် မဟုတ်လား။
“ကန်စွန်းရွက်”
တိုက်ခန်းတွဲပေါင်း များစွာ ရှိသည့်နေရာတစ်ခုသို့ ကန်စွန်းရွက်သည်လေး၏အသံ က ပျံ့လွင့်နေသည်။ အသံ ကလည်း နှစ်သံ။ တစ်ယောက်က ခပ်ငယ်ငယ်။ တစ်ယောက်က ခပ်ရွယ်ရွယ်။ ဗန်းလေးတွေထဲမှာ ကန်စွန်း ရွက်အစည်းလေးတွေ အစီအရီ နေရာချလို့။
“၀ယ်မလား”
“မင်းစားချင်ဝယ် လေ။ တစ်ခါတလေ အပေါ်ကို ခေါ်ပြီးမှ တစ်စီးသုံးရာတွေ ဘာတွေ လုပ်နေမှဖြင့်”
“အိုတော်၊ မလုပ် လောက်ပါဘူး။ ကလေးတွေ ပဲဟာ”
လေးထပ်ဝရန်တာမှ လင်မယား နှစ်ယောက်က လှမ်းခေါ်၏။
“တက်လာလို့ရလား”
ကောင်မလေးနှစ် ယောက်က ခေါင်းညိတ်ပြ သည့်။ ခြေသံခပ်သွက်သွက် ကိုကြားရ၏။ ငယ်ရွယ်သူမို့ သွက်လက်နေခြင်းဖြစ်သလို၊ ဈေးရောင်းရတော့မည် ဖြစ် သောကြောင့်လည်း ခြေ ထောက်များက ပျော်ရွှင် နေခြင်းဖြစ်နိုင်သည်။
“တစ်စည်း ဘယ်လောက်လဲ”
“ငါးဆယ်ပါအစ်မ။ ဘယ်သူ့ဆီက အားပေးမှာလဲ ဟင်”
မိန်းကလေးငယ်နှစ် ယောက်၏ မျှော်လင့်ချက် မျက်လုံးတွေက တလက် လက်တောက်ပလို့။
“အစည်းကြီးတဲ့ သူဆီ က ၀ယ်မှာပေါ့အေ”
“တူတူပါပဲ၊ အစ်မရဲ့”
“ကဲ ကဲ နောက်တာပါ ကွယ်။ ရော့ တစ်ယောက်ကို တစ်ရာဖိုးစီ ယူမယ်”
ကောင်မလေး နှစ်ယောက်လုံး ခပ်မြန်မြန်ပင် ကန်စွန်းရွက်နှစ်စည်း ထိုး ပေး၏။
သူတို့ ၀တ်ထားသော ကျောင်းစိမ်းလေးတွေက လင်မယား နှစ်ယောက်ကို စပ်စုချင်စရာ ဖြစ်နေသည်။
“ကလေးတို့ ကျောင်း တက်လား”
“တက်တာပေါ့ အစ်မ ရဲ့။ သူက သုံးတန်း၊ သမီး က ငါးတန်းလေ”
“ငါးတန်းလည်းဆိုသေး၊ စကတ်နဲ့ပါလားအေ့”
“ဟုတ်တယ် အစ်မရေ၊ ဆရာမကို မနည်းပြောထား ရတယ်။ လကုန်မှပဲ ထဘီ ချုပ်တော့မယ်လေ”
ကောင်မလေးတွေက သူတို့နှစ်ယောက် ကန်စွန်း ရွက်များ ရောင်းရသော ပိုက်ဆံဖြင့် ကျောင်းမုန့်ဖိုး လုပ်ရကြောင်း၊ တစ်ခါတစ်ရံ အမေ့ကိုပင် ဟင်းချက်စရာ အတွက် ပြန်ပေးရကြောင်း၊ တစ်စီးရောင်းလျှင် နှစ်ဆယ် ခန့်မြတ်ကြောင်း၊ တစ်နေ့ အစီးနှစ်ဆယ်ခန့်တော့ ရောင်း ရကြောင်း၊ ထိုသို့ရောင်းရရန် အတွက် ညနေစောင်းသည် အထိ လျှောက်ရကြောင်း စုံနေအောင်ပြောသွားသည်။
“ရော့၊ ဒါက တိုက်ခန်းပေါ် တက်လာရလို့ တစ်ယောက်တစ်ရာစီ ပိုယူ”
“သွားမယ်နော် အစ်မ။ နောက်လည်း အားပေး။ နောက်တစ်ခါကျရင် အပေါ် ကို တက်ရတာဖိုး မယူပါဘူး အစ်မရ။ မောမှ မမောဘဲ”
ကောင်မလေးတွေ မျက်နှာမှာ အပျော်တွေ အစုလိုက် အပြုံလိုက်။ လှေကား ပေါ်မှ ဆင်းသွားသော ခြေသံများနှင့် အတူ သူတို့မျှော်လင့် ချက်တွေကပါ ဆူညံနေ၏။
“ပျော်စရာကြီးဟေ့၊ မုန့်ဝယ်စားမယ်”
“ငါကတော့ ဘောပင် မင်ကုန်နေပြီဟ၊ တစ်ရာတန် တစ်ချောင်းဝယ်ဦးမယ်”
လူတိုင်းတွင် မျှော်လင့် ချက်ရှိသည် ဆိုလျှင် ထိုမိန်း ကလေးငယ် နှစ်ယောက်တွင် လည်း မျှော်လင့်ချက် သေး သေးကလေးတွေရှိသည်။ မည်သူတစ်ဦးတစ်ယောက် ကိုမျှ မထိခိုက်နိုင်သော သူတို့ ၏ မျှော်လင့်ချက်သည် အဖြူထည်သက်သက်မျှသာ။ သိန်းလေးရာတန် မဟုတ်။ တရားမျှတစွာ စဉ်းစားလျှင် တစ်နေ့ လေးရာတန် သူတို့၏ မျှော်လင့်ချက်ကလေးများ ပြည့်ဝသင့်ပါသည်။
ဒီနေ့ သူ့မွေးနေ့။ ခပ်စောစော ဘုရားရှိခိုး။ ဆီမီး ပူဇော်။ မိဘကို မေတ္တာပို့။ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်း ကို မေတ္တာပို့။ စိတ်ချမ်းသာ စရာ နံနက်ခင်းပါပဲ။
“အမှိုက်ပစ်မလား”
ကလေးတစ်ယောက၏ အော်သံ ခပ်စူးစူးထွက်လာသည်။ သူ့အမေက
“အမှိုက်ပစ်မယ်ဟေ့”
သူတို့ဟာသူတို့တော့ ဟုတ်နေသည်ပင်။ ရောင်းသူ ၀ယ်သူအသံကို တူလို့။ အမှိုက်လှည်းကလေးက အိမ် ရှေ့မှာရပ်။ နောက် ကလေး တစ်ယောက်က အိမ်ထဲကို ၀င်လာပြီး အမေ့ဆီက အမှိုက် ထုပ်တွေ ၀ိုင်းသယ်ပေးသည်။ အမေက နှစ်ရာတန်လေး တစ်ရွက်ကို ကလေး အဖေ လက်ထဲထည့်ပေး၏။ သူ့စီးပွားရေးနှင့် သူ ဟန်ကျ လို့။
သူ့မှာသာ အတွေးတွေ တစီတတန်းနှင့်။ ကလေးက မသကာ ရှစ်နှစ်ကိုးနှစ်။ အမှိုက်နံ့ကို ရှူရင်းကြီးပြင်း ရသူမို့ သေးကွေးနေသလား။ သို့တည်းမဟုတ် ရောဂါပိုး တွေပှဲုာာကညန (ပိုးမွှားယဉ် ပါးသည်) ဖြစ်နေသလား။ တော်ရုံတန်ရုံ ပိုးလောက်က တော့ သူက ခံနိုင်ရည်ရှိသွား မလား။ စဉ်းစားရင်း သတိရ လာသည်။ အမှိုက်က အရေး မကြီး။ သူတို့အတွက် ဗိုက်က အရေးကြီးသည်။
သူ့မွေးနေ့အတွက် အလှူလေးတစ်ခုကို ပြုလုပ် လိုက်၏။ သူ့လက်ထဲမှာ အထုပ်လေးတစ်ထုပ်။ ကလေးကို လှမ်းပေးလိုက် သည်။ ကလေးနှင့် ကလေး အဖေ မျက်နှာက မြန်မာမီနီ ၀က်ဂွန် ၀ယ်ခွင့်ရသည့်လူလို အပြုံးမျိုးနှင့်။ မွေးနေ့ရှင်က လည်း သူများအတွက် လို အပ်သည်ကို လှူလိုက်ရလို့ ပျော်ရွှင်မှုက အပြည့်။
ကလေးကမူ အိတ် ထဲပါသည့် မုန့်အစုံကို ကြည့် ရင်းပျော်နေသည်။ စကား တစ်ခွန်းပင် ခပ်ကျယ်ကျယ် အော်လိုက်သေး။
“ကော်ဖီမစ် နှစ်ထုပ်ပါတယ် အဖေရ။ အဖေနဲ့ အမေ တစ်ထုပ်စီပေါ့။ မုန့်တွေက လည်း အများကြီးပဲ။ ညီလေးဖို့လည်း ချန်ထားရဦး မယ်”
“မုန့်ဗျို့ မုန့်၊ အဲ... အမှိုက်ဗျို့ အမှိုက်”
လူနာတင်ကား တစ်စီး၏ အသံက အဆက်မပြတ် အော်မြည်နေသည်။ မည် သည့်ကားကမှ လမ်းဖယ် မပေးကြ။ နောက်ဆုံးပေါ် ကားတွေကလည်း မှန်ကို အလုံပိတ်ပြီး အဲကွန်းတွေနှင့် ဇိမ်ကျနေ၏။ သူတို့၏စီး ပွားရေး၊ ကြီးပွားရေးတွေကို စဉ်းစားရင်း ဘေးပတ်ဝန်း ကျင်ကိုလည်း အာရုံမစိုက် နိုင်။
နောက်ဆုံး ခပ်ဖြည်း ဖြည်း၊ ခပ်နှေးနှေး သွားနေ သော ဆိုက်ကားဆရာကြီးက သူ့ဆိုက်ကားကို လမ်းဘေး ချရပ်ပေးလိုက်သည်။ ထို အခါမှ အောက်ဆီဂျင် အပြည့် ရသွားသည့် အဆုတ်ရောဂါ သမားတစ်ယောက်လို လူနာ တင်ကားခမျာ လျင်မြန်စွာ မောင်းထွက်သွားလေသည်။ လူနာတင်ကားကို နေရာဖယ် ပေးလိုက်ရသဖြင့် သူ့ဆိုက် ကားက မီးပွိုင့်ထပ်မိ သွား ပြန်သည်။
ထို့နောက် သူ့အတိတ်ကို သူ့စိတ်က ပြန်ရောက်သွား ၏။ အကယ်၍ ယခုခေတ် ကဲ့သို့ သူတို့ရွာမှာ ဆေးရုံ၊ ဆေးခန်းတွေ၊ လူနာတင် ယာဉ်တွေ ပေါပေါများများ ပေါ်ပေါက်ခဲ့လျှင် သူ့မိန်းမနှင့် ဗိုက်ထဲက သူ့ကလေး အသက်ဆုံးရှုံးရမည်မဟုတ်။ ရွာမှာရှိသည့်လှည်းက ဘီးနှစ် ဘီးတည်းရယ်။ လမ်းက လည်း ချိုင့်ပေါင်းများစွာ၊ ခဲပေါင်းများစွာ၊ ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်းများ ကဲ့သို့ မကောင်းသည်က အမှန်ပင်။ မရမက ရုန်းပေး ခဲ့သော ချစ်သားကြီးများကို ကျေးဇူးတင်လှပါသည်။ သို့သော် ကံကြမ္မာ မျက်နှာ သာ မပေးခဲ့ပေ။ အတွေးက နယ်ချဲ့နေစဉ်...။ ဆိုက်ကား ပေါ်မှ ကိုယ်ဝန်ဆောင်ခရီး သည်က-
“ဦးလေးကြီး ဆေးရုံကို မြန်မြန်နင်းပါ။ ဒီမှာ ဗိုက်နာ လှပြီ။ မွေးတော့မလား မသိ ဘူး”
“သြော်၊ အေးပါ ကလေးမရယ်၊ ရောက်တော့ မှာပါ။ ဦးလေးမြန်မြန်နင်း ပေးပါ့မယ်။ ကွန်ကရစ်လမ်း ဆိုတာ လှည်းလမ်းထက် တော့ နင်းရတာ မြန်ပါ တယ်”
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
No comments:
Post a Comment